မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့လယ်ခေါင်တွင် လည်ပင်းအား ဓားဖြင့်လှီးကာ အသတ်ခံရသည့် နယူးလိုက် ဆိုင်ပိုင်ရှင် ကိုဇော်ဝင်းနိုင်ကို သတ်ဖြတ်သွားသည့် တရားခံများကို ဖမ်းဆီးနိုင်ရန် မြု့ိနယ်မှူးကိုယ်တိုင် စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ညပိုင်းက နယူးလိုက် ဆိုင်ပိုင်ရှင် ဖြစ်သည့် ကိုဇော်ဝင်းနိုင်ကို မျက်နှာဖုံးစွပ်ထားသည့် လူ ၃ ဦးက ဦးခေါင်းကို ရိုက်နှက်ခဲ့ပြီး လည်ပင်းကို ဓားဖြင့်လှီးကာ သတ်ဖြတ်ခဲ့သဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
“အမှုကို အသေးစိတ်ရှင်းလင်းပြောလို့တော့ မရသေးပါဘူး။ ဒါပေမယ့် ဒီကိစ္စမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် တရားခံ ကိစ္စအတွက် လိုက်ပြီး ဆောင်ရွက်နေပါတယ်”ဟု ကျောက်ဆည်မြို့မ ရဲစခန်းမှ ရဲအရာရှိတဦးက ပြောသည်။
ကျောက်ဆည်မြို့ဒေသခံများကမူ အသတ်ခံရသူသည် အိမ်နှင့်ကိုက် ၁၀၀ ခန့် အကွာအဝေးရှိ ကွမ်းယာဆိုင်တွင် ကွမ်းယာ ထွက်ဝယ်ရာမှ လူ ၃ ဦးက ချုပ်နှောင်ကာ သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ လူသတ်မှုသည် “ကိုယ်ရေးကိုယ်တာ” ကိစ္စများနှင့် ပတ်သက်နိုင်ချေရှိကြောင်း ပြောဆိုမှုများလည်း ရှိသည်။
လက်ရှိတွင် အဆိုပါ အမှုကို ကျောက်ဆည်မြို့မ ရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၇ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။