ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား မှုကြောင့် စစ်ဘေးဒုက္ခသည် ၆၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
လက်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များသည် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ပေါ်တွင် ၃၇၁၀ ဦး ရှိပြီး တရုတ်နယ်စပ် ဝမ်တိန် တွင် ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေကြကြောင်း၊ စစ်ဘေးရှောင်များ လိုအပ်မှုမရှိရန် ကူညီ ထောက်ပံ့ မှုများ ပြုလုပ်ပေးနေကြောင်းလည်း မူဆယ် မြို့နယ် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့များက ဧရာဝတီ သို့ ပြောသည်။
စစ်ဘေးရှောင်များကို မူဆယ်မြို့ နမ့်ခွမ်ဘုန်းကြီးကျောင်း၊ ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်း၊ မဟာဝန် ဘုန်ကြီးကျောင်း၊ ရွှေသမင် ဘုန်းကြီးကျောင်း၊ စွမ်ဆော် အောင်မင်္ဂလာ ဘုန်းကြီးကျောင်း၊ အထက်တန်းကျောင်း(အထက – ၁) နှင့် အထက – ၂ တို့တွင် ထားရှိကြောင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ဧရာဝတီသို့ ပြောသည်။
“စစ်ဘေးရှောင်တွေကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်ထောင်စု အစိုးရအဖွဲ့ အနေနဲ့ရော ဒေသခံ ပြည်သူတွေကလည်း အကုန်လုံး အဆင်ပြေအောင် ဆောင်ရွက်ထားပါတယ်။ အခု မူဆယ်မြို့က အားလုံး အေးချမ်းနေပါပြီ”ဟု ဦးကျော်ကျော် ထွန်း က ဆိုသည်။
စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် လိုအပ်မျှ ပြည်တွင်း၊ ပြည်ပ အလှူရှင်များနှင့် မူဆယ် ဒေသခံများက ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးနေကြောင်း၊ လက်ရှိ မူဆယ်မြို့ပေါ်တွင် ဒေသခံ ပြည်သူများ အတွက် စိုးရိမ်မှု မရှိတော့ကြောင်းလည်း မူဆယ် ရှမ်းလူငယ်အဖွဲ့ မှ အတွင်းရေးမှူး စိုင်းနွမ်လောဝ် က ဧရာဝတီ သို့ပြောသည်။
“နယ်မြေတွေမှာ အစိုးရဘက်ကတော့ လုံခြုံရေး ကတော့ အားလုံးယူနေပါတယ်။ မြို့တွင်းမှာတော့ ဘာမှ မဖြစ်တော့ဘူး။ မူဆယ် အပြင်ဘက်မှာတော့ တိုက်ပွဲရှိနေပါသေးတယ်။ မူဆယ်မြို့ပြင်ကတော့ လုံခြုံစိတ်ချမှုကတော့ သိပ်မရှိပါဘူး”ဟု စိုင်းနွမ်လောဝ် က ပြောဆိုသည်။
တိုက်ပွဲကြောင့် ကြူကုတ်(ပန်ဆိုင်း) မြို့မှ ထွက်ပြေးကာ တရုတ်ပြည် ဝမ်တိန် သို့ တိမ်းရှောင်နေသည့် စစ်ဘေးရှောင် ၃၀၀၀ ကျော်ကို တရုတ်အစိုးရ ဘက်မှ ကူညီ ထောက်ပံ့ထားကြောင်း သိရသည်။
လက်တလော ဖြစ်ပွားနေသည့် အခြေအနေ များအား တည်ငြိမ်အေးချမ်းစေရန် နှင့် ပြည်သူများ လုံခြုံစိတ်ချမှု အတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များဖြစ်သည့် မြို့မပြည်သူ့စစ်၊ ပန်းဆေးပြည်သူ့စစ်၊ ကောင်းခါး ပြည်သူ့စစ်၊ မုံးပေါ်ပြည်သူ့စစ် နှင့် ဆင်ကျော့ပြည်သူ့စစ်တို့ ပူးပေါင်းဆောင်ရွက်နေသည် ဟု မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ဆက်လက်၍ တိုက်ပွဲဖြစ်စဉ်ကိုု အခွင့်ကောင်းယူပြီး မသမာသူများ က ဖောက်ထွင်း၊ ခိုးယူ၊ ဖျက်ဆီးခြင်း မခံရစေရန် အတွက် မိမိနေအိမ်တွင် နေထိုင်ကြရန်၊ ကောလာဟလ သတင်းများကို ချင့်ချိန်ယုံကြည်ကြရန် နှင့် စိုးရိမ်လွန်ကဲမှု မရှိကြရန်လည်း ထည့်သွင်းရေးသားထားသည်။
ယနေ့ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က “တိုက်ပွဲကတော့ ၄ နေရာလောက် ဖြစ်နေပါတယ်။ အဓိကတော့ ကွတ်ခိုင်မြို့နယ်၊ မန်ဝိန်းကြီး၊ မူဆယ်မြို့နယ် ဘက်တွေမှာ ဖြစ်နေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ကွတ်ခိုင်-မူဆယ် ပြည်ထောင်စု လမ်းမပေါ် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း၊ တပ်မတော်မှ တိုက်ပွဲ နှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှု မပြုလုပ်ပါက တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည် ဖြစ်ကြောင်းလည်း ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောဆိုသည်။
ထို့အပြင် ယနေ့ နံနက် ၉နာရီ ကျော်တွင် မူဆယ်မြို့နယ် မော်တောင်း ကျေးရွာအနီးတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား ၍ ခရီးသွား ပြည်သူများ မော်တောင်း ကျေးရွာတွင် ရပ်ဆိုင်းရသည် ဟုလည်း မူဆယ်မြို့နယ် ကားသမား စိုင်းအောင် က ဧရာဝတီသို့ ပြောသည်။
ရှမ်း မြောက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲများသည် တပ်မတော် နှင့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု ဖြစ်သည့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် ရက္ခိုင့် တပ်မတော်(AA) တို့ ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု တိုက်ပွဲကြား တပ်သား ၁ဦး၊ ပြည်သူ့စစ် ၁ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ဦးနှင့် အရပ်သား ၄ဦးတို့ သေနတ်ကျည် ထိမှန်ကာ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၀ ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံး၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန် ထားသည်ကို တွေ့ရသည်။
တပ်မတော် နှင့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတို့သည် နိုဝင်ဘာ ၂၀ ရက်နေ့မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ အချိန်အထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း သိရသည်။