ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့မှ အိမ်အကူ မမြင့်မိုးနွယ် သေဆုံးရခြင်းနှင့် ပတ်သက်၍ လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသော်လည်း ယနေ့အထိ ၃ လကြာသည့်တိုင် ဥပဒေနှင့်အညီ စစ်ဆေး ဖော်ထုတ်နိုင်ခြင်း မရှိ သေးကြောင်း သတင်းရသည်။
တိုက်ကြီးမြို့နယ် ကျုံတကင်းကျေးရွာမှ မမြင့်မိုးနွယ် အသက် ၁၇ နှစ်သည် အဖျောက်မြို့ အနော်ရထာလမ်းရှိ ဒေါ်ဝမ်း နေအိမ်၌ အိမ်အကူအလုပ် လုပ်နေရာ ၂၀၁၆ သြဂုတ်လ ၁၈ ရက်တွင် မီတာ သွားဆောင်ခိုင်းရာမှ အိမ်သို့ ပြန်မလာတော့ ဘဲ ပျောက်ဆုံးသွားပြီး သြဂုတ်လ ၂၁ ရက်တွင် အလောင်းကို ဖိုးသောကြာ ဆိုသူက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျုံတကင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းကြိုင်က ဧရာဝတီကို ပြောပြသည်။
ဆက်လက်၍ ၎င်းက ယင်းအမှုကို အဖျောက်ရဲစခန်းမှ သေမှုသေခင်းဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်မှာ ၂ လနီးပါး ကြာမြင့် ခဲ့ပြီးနောက် တရားရုံးမှ လူသေမှုမဟုတ်ဘဲ လူသတ်မှုဖြစ်ကြောင်း အမိန့်ချသည့်အခါတွင်မှ စခန်းမှူး ရဲအုပ် လွန်းအောင် ဆန်း က ပုဒ်မ ၃၀၂ အရ လူသတ်မှုဖြင့် ဖွင့်ခဲ့သော်လည်း ယနေ့အထိ အမှုကိုစုံစမ်း ဖော်ထုတ်ပေးခြင်း မရှိသေးကြောင်း လည်း ၎င်းက ဆက်လက် ပြောဆိုသည်။
“ဒီကလေးမအမှုနဲ့ပတ်သက်ပြီး တကယ့်ကို ထိထိရောက်ရောက် မလုပ်ပေးဘူး။ CID ကို လွှဲတယ် မလွှဲတယ်လည်း အခုထိ တရားဝင် မပြောပါဘူး။ မြို့နယ်မှူးက ရဲချုပ်ကို တင်ထားပါတယ်တဲ့။ ရဲချုပ်ကနေ ပြန်ကျတော့မှ CID ကို လွှဲမယ်။ ဘယ်နေ့ လွှဲမယ်တော့ မသိဘူး။ တကယ့်တကယ် သူနဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်တွေကို ခေါ်စစ်မယ်ဆို ပေါ်ပါတယ်။ အခုက အမှုကို ကြန့်ကြာ အောင် လုပ်ပြီး ပပျောက်အောင် လုပ်နေတာ”ဟု ဦးအုန်းကြိုင်က ပြောသည်။
အလောင်း တွေ့သည့်နေ့က ရဲစခန်းက သွားရောက် စစ်ဆေးရာတွင် ရဲ လုပ်ထုံး လုပ်နည်းများနှင့်အညီ စစ်ဆေး ဆောင် ရွက် ခြင်း မရှိသည့်အပြင် သက်သေခံပစ္စည်များကိုလည်း သိမ်းဆည်းခြင်း မရှိခဲ့ကြောင်း၊ ရဲလုပ်ငန်းများကို ထိရောက်စွာ မဆောင်ရွက်ဘဲ အမှုကို စစ်ဆေးရန် ကြန့်ကြာနေခြင်းသည် တရားခံအား ရှောင်တိမ်းသွားရန်၊ အမှုမှန်မပေါ်ပေါက်ရန် တမင် လုပ်ဆောင်နေသကဲ့သို့ ဖြစ်ကြောင်း အမှုကို လိုက်ပါ ကူညီဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးစန်းဝင်း က ပြောသည်။
သေသူသည် အမြင်အားဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ဘယ်ဘက် လက်ခလယ်တွင် တွေ့ရသည့် ကြွပ်ကြွပ်အိတ်ထဲရှိ အခဲကို အကြောင်းပြု၍ ပေါ်တက်အဆိပ် သောက်ပြီး သေသည့်ပုံစံ ဖန်တီးထားသည်ကို တွေ့ရ ကြောင်း၊ ဆရာဝန် ဆေး စာ အရ သေဆုံးရသည့် အကြောင်းရင်းကို မဖော်ပြထားသော်လည်း အဆိပ်ကြောင့် သေဆုံးခြင်း မဟုတ်ဟု ဆိုထားသော ကြောင့် ဓမ္မတာအတိုင်း သေဆုံးခြင်း မဟုတ်ဟုသာ ကောက်ယူရန်ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
တရားလွှတ်တော်ရှေ့နေ ဦးစန်းဝင်းက “အမှု အလားအလာတော့ သိပ်မကောင်းဘူး။ လုပ်ရင်းလုပ်ရင်းတောင် တော်တော် လေး စိတ်ဓာတ်ကျစရာ စိတ်ဆင်းရဲစရာ ဖြစ်လာတယ်။ နောက်ပြီး တရားဥပဒေ စိုးမိုးရေး အပိုင်းကလည်းပဲ စိတ်ပျက်စရာ။ ဥပဒေသာရှိတယ် ဥပဒေအတိုင်း အလုပ် မလုပ်ကြဘူး။ ရဲလုပ်ငန်းတို့ ဘာတို့ ဆိုတာလည်း လုပ်ချင်တုန်းက လုပ်တယ်။ အခု မလုပ်ချင် မလုပ်ဘူးဆိုတဲ့ သဘောမျိုး။ မလုပ်တော့ဘူး ဆိုတဲ့ပုံစံမျိုးတောင် ရှိတယ်”ဟု ဆက်ပြောသည်။
မမြင့်မိုးနွယ် သေဆုံးမှုသည် အဓမ္မပြုကျင့်ခံရပြီးနောက် ရရှိလာသည့် ကိုယ်ဝန်ကို ဖျက်ချခိုင်းခဲ့ကြောင်း၊ သွေးနုသားနု အချိန်တွင် ထပ်မံ၍ အဓမ္မပြုကျင့် ခံရပြီးနောက် နှုတ်ပိတ်သည့်အနေဖြင့် သတ်ပစ်ခဲ့ခြင်းဖြစ်သည်ကို လေ့လာ စုံစမ်းမှုများ အရ သိရကြောင်း၊ အမှုမှန်ပေါ်ပါက ပါဝင်သူ အနည်းဆုံး ၁၃ ဦးခန့် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ကျုံတကင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းကြိုင်နှင့် ဒေသခံများက ပြောဆိုကြသည်။
“အဲဒီအမှုမှာ ပါတဲ့သူတွေကို ကျနော်သိတယ်။ အလောင်းသယ်တဲ့သူ၊ အလောင်းပို့တဲ့သူ၊ အလောင်းစောင့်တဲ့သူ၊ အဓမ္မ ကျင့်ကြံတဲ့သူ၊ ကိုယ်ဝန်ရှိအောင် လုပ်တဲ့သူ၊ ဒီအိမ်ရှင်က အဓိကပေါ့။ CID ကို လွှဲမယ်ဆိုလည်း CID နဲ့ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့၊ ဖြစ်နိုင်ရင် ကျနော်တို့ရှေ့မှာ ခေါ်ပြီး စစ်စေချင်ပါတယ်။ ကျနော်တို့ ဝိုင်းထောက်ပေးပါမယ်။ သူတို့ က တော့ ငြင်းမှာပါ။ အမှုမှန်ပေါ်လို့ရှိရင်တော့ အနည်းဆုံး ၁၃ ယောက်လောက်ပေါ်မယ်”ဟုလည်း ဦးအုန်းကြိုင်က ဆိုသည်။
အမှုကို လိုက်ပါဆောင်ရွက်သူများ၏ ပြောဆိုချက်များအရ မမြင့်မိုးနွယ် အလုပ်လုပ်သည့် ဒေါ်ဝမ်း အိမ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ ရောင်းသည့်လုပ်ငန်း လုပ်ကိုင်နေသော်လည်း အမှန်တကယ်မှာမူ လောင်းကစားဝိုင်း ဖွင့်ထားကြောင်း၊ ဒေါ်ဝမ်း အိမ် နှင့် အဖျောက်ရဲ စခန်းသည် သိပ်မဝေးဘဲ ရဲစခန်းမှ တာဝန်ရှိသူများနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိကြောင်း သိရသည်။
အဖျောက်မြို့နယ် စခန်းမှူး ရဲအုပ် ကျော်ကျော်ထွန်းက အမှုနှင့်ပတ်သက်၍ လက်ရှိတွင် အထူးအဖွဲ့များဖြင့် တရားခံကို စုံစမ်း နေသော်လည်း မသိရသေးကြောင်း၊ CID မှ စစ်ဆေးသည့်အခါ တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်သည်အထိ ကူညီသွားမည်ဖြစ်ကြောင်း ပြောသည်။
“အထူးအဖွဲ့တွေနဲ့ တရားခံတော့ စုံစမ်းနေတာပဲ။ လောလောဆယ်တော့ မပေါ်သေးဘူး။ လိုက်ရတဲ့အခါ အခက်အခဲဖြစ် တယ်။ သေတဲ့နောက် ၃ ရက်လောက်ကြာမှ တွေ့တာဆိုတော့ နည်းနည်းတော့ ခဲယဉ်းနေတာပေါ့”ဟု ၎င်းက ဆိုသည်။
ယင်းလူသတ်မှုကို စတင်ကိုင်တွယ်သည့် ယခင်စခန်းမှူး လွန်းအောင်ဆန်း ပြောင်းရွှေ့သွားသည့် အတွက် ဆက်လက် တာဝန်ယူရခြင်း ဖြစ်ကြောင်း၊ အဖျောက်ရဲစခန်းသို့ တာဝန်ကျသည်မှာ ၁ လခန့်သာရှိသေးကြောင်းလည်း ရဲအုပ် ကျော်ကျော် ထွန်း က ပြောဆိုသည်။
မမြင့်မိုးနွယ် သေဆုံးမှုနှင့်ပတ်သက်၍ တရားခံရှာမတွေ့၊ တရားရုံးသို့ မတင်နိုင်ဘဲ ပပျောက်သွားမည်ဆိုပါက တရားဥပဒေ စိုးမိုးရေးကို ထိခိုက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ခန္ဓာကိုယ်လုံခြုံ၊ ပစ္စည်းလုံခြုံမှု၊ အသက်အန္တရာယ် လုံခြုံမှု ဆိုင်ရာ စိုးရိမ်ဖွယ်ရာများ ဖြစ်သွားမည်ဖြစ်ကြောင်း၊ တရားလွှတ်တော် ရှေ့နေများကိုယ်တိုင်လည်း တရား ဥပဒေ စိုးမိုးရေး နှင့် ပတ်သက်ပြီး အကောင်အထည် ဖော်ပေးနိုင်ရန် စွမ်းအားမရှိသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ဦးစန်းဝင်းက ပြော သည်။
ယင်းအမှုနှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး တရားဥဒေ စိုးမိုးရေး၊ တရားစီရင်ရေးနှင့် တိုင်စာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီ အပါအဝင် တိုင်း ရဲတပ်ဖွဲ့မှူးချုပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နေပြည်တော် မှုခင်းရဲတပ်ဖွဲ့၊ တိုင်း လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေးဆိုင်ရာ အဆင့်ဆင့် တို့ကို တိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း သိရသည်။