လူ့အဖွဲ့အစည်းအနေဖြင့် မသန်စွမ်းသူများကို ဖေးမ၍ တန်းတူအခွင့်အရေးပေးခြင်း၊ တန်ဖိုးထား လေးစားမှုကို ပြသပေးခြင်းဖြင့် ဝိုင်းဝန်းကြိုးစားပေးကြရန် မနေ့က နေပြည်တော်ရှိ MICC – 2 တွင် ပြုလုပ်သည့် ပထမအကြိမ် မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံ ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်သည်။
“ဒီလို မသန်စွမ်းတဲ့ဘဝတွေ တန်ဖိုးရှိတယ် ဆိုတာဟာ ကာယကံရှင်များအပြင် အဲ့ဒီကာယကံရှင် များရဲ့ အသိုင်းအဝိုင်းကလည်း လက်ခံရမယ်။ ယုံကြည်ရမယ်။ လက်ခံနိုင်အောင်လို့၊ ယုံကြည် နိုင်အောင်လို့ ကျမတို့က ဝိုင်းဝန်းပြီး ကြိုးစားပေးဖို့ လိုပါတယ်”ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
မသန်စွမ်းလူငယ်များကို မိမိတို့ ပိုင်ဆိုင်သော ဘဝသည် တန်ဖိုးရှိကြောင်း ယုံကြည်လာအောင် မည်ကဲ့သို့ ဝိုင်းဝန်း ဆောင်ရွက်နိုင်သည်ကို စဉ်းစားရန်လိုကြောင်း၊ ပထမဦးဆုံး အနေဖြင့် ၎င်းတို့ကို လူ့အသိုင်းအဝိုင်းထဲရှိ အခြားသာမန် လူများနှင့်အတူ တန်းတူ အခွင့်အရေး ရသည်ဆိုသည့် စိတ်ကို ဖြစ်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့ကြောင့် နိုင်ငံတနိုင်ငံ၏ အင်အားကို တိုင်းထွာရာတွင် ယင်းနိုင်ငံအတွင်းရှိ အားအနည်းဆုံး ပြည်သူများ၏ အင်အားကို တိုင်းထွာရမည်ဖြစ်ရာ တိုင်းပြည်၏ အင်အား အနည်းဆုံး၊ အခွင့်အရေး အနည်းဆုံး ပုဂ္ဂိုလ်များ၏ ဘဝလုံခြုံမှု အတိုင်း အတာကို ကြည့်၍ နိုင်ငံ၏ တန်ဖိုးကို ဖြတ်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကျမ အနေနဲ့တော့စိတ်ထဲမှာ ဒီလိုဉာဏ်ရည် မသန်စွမ်းတဲ့ကလေးများ၊ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် မသန်စွမ်းတဲ့ ကလေးများ၊ လူငယ်များ၊ လူကြီးများအတွက် အရေးကြီးဆုံးကိစ္စတစ်ခုဟာ မိမိတို့ရဲ့ ဘဝဟာ တန်ဖိုးရှိတယ်ဆိုတာကို ယုံကြည်နိုင်ဖို့ပဲ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဆေးပညာ၊ စိတ်ပညာအရ သာမန်ဟု သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များတွင်ပင် အားနည်း ချက်များ ရှိကြောင်း၊ လူသား အားလုံးတွင် တနည်းမဟုတ် တနည်ဖြင့် မသန်စွမ်းမှုများ ရှိကြရာ ယင်း မသန်စွမ်းမှုကို ပထမဆုံး အသိအမှတ်ပြုရန် လိုအပ်ကြောင်းလည်း သူက ပြောသည်။
“တချို့ ကျမတို့ သာမန်ပုဂ္ဂိုလ်များဟာ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့သူတွေ အများကြီး ရှိပါတယ်။ ငါက ပြီးပြည့်စုံတယ်။ ငါ့မှာ အပြစ် အနာအဆာ မရှိဘူး။ ငါ အားလုံး လုပ်နိုင်တယ်။ ငါအောင်မြင်တယ်။ ဒီလိုအတွေးအခေါ်တွေကိုက အားနည်း ချက်တခုပါပဲ။ ဒီလိုအတွေးအခေါ်တွေက ကိုယ့်ရဲ့ ဘဝတိုးတက်မှုအတွက် အပိတ်အဆို့ ဖြစ်စေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သူများကို ဒုက္ခရောက်အောင် လုပ်သူများကသာ တကယ် မသန်စွမ်းသူများ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။
ယင်းအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသူ နိုင်ငံသားများ အထူးသဖြင့် ထိခိုက်လွယ်သော ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ သက်ကြီး ရွယ်အိုနှင့် မသန်စွမ်းသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် ပြုစုစောင့်ရှောက်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည် ထူထောင်ရေး၊ လူမှုအဖွဲ့အစည်းအတွင်း ပြန်လည် ဝင်ဆံ့စေရေးတို့ကို လူမှုဝန်ထမ်းနည်းပညာများ၊ လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် အခြားသက်ဆိုင်ရာ နယ်ပယ် အလိုက် သတ်မှတ်ထားရှိသည့် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားသည်။
ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကလည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် မသန်သော်လည်း စွမ်းကြသည့် ကလေး သူငယ် များအား မိဘများ၊ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများ၊ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာများ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း၍ တန်ဖိုးရှိသည့်လူသားများဖြစ်စေရန် ဆရာ၊ ဆရာမများက စေတနာ၊ ဝါသနာ၊ အနစ်နာကိုအခြေခံ၍ နားလည်မှု၊ စာနာမှု၊ ဂရုဏာစိတ်ဓာတ် အပြည့်အဝဖြင့် ဆက်လက်ပြုစုပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ညီလာခံကို ဆက်လက်ကျင်းပရာ “အားလုံး အကျုံးဝင် ပညာရေးကို မြှင့်တင်ပေးခြင်း”၊ “ဆက်သွယ်ရေးနှင့် စာပေသင်ကြားရေး”၊ “ဖွံ့ဖြိုးမှုနှောင့်နှေးသော Autistic ကလေးများနှင့် ၎င်းတို့အားလုံး အကျုံးဝင် ပညာရေးတွင် ပူးပေါင်းပါဝင်စေရန်”၊ “သူငယ်နာအကြောတင်း ကလေးများနှင့်ဆိုင်သော ပညာရပ်များ”၊ “အပြုအမူဆိုင်ရာလုပ်ဆောင်ချက်များကို ကူညီပံ့ပိုးပေးရန်”၊ “သင်ကြား မှုဆိုင်ရာ ခက်ခဲသောကလေးများအား ပြုစုစောင့်ရှောက်ခြင်း” စသည့်ခေါင်းစဉ်များဖြင့် သက်ဆိုင်ရာပညာရှင်များက ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ပထမအကြိမ် မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံ ကို မသန်စွမ်းကလေးသူငယ်များအတွက် လူတိုင်းအကျုံးဝင်ပညာရေးနှင့် အထူးပညာ ရေးကဏ္ဍများ ပိုမိုတိုးတက်မြင့်မားလာစေရန်၊ မသန်စွမ်းသူများ၏ ပညာရေးနှင့် စပ်လျဉ်းသည့် ဥပဒေ၊ မူဝါဒများကို အခြေခံပြီးလက်တွေ့ ဆောင်ရွက်နိုင်ရန်အတွက် အားပေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်၊ ၎င်းတို့၏အသိပညာ၊ ဗဟုသုတများ၊ နည်းပညာ များစသည့် လူ့စွမ်းအားအရင်းအမြစ်တို့ကို အားပေးမြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အထူးပညာရေးအသင်း၊ ကမ္ဘောဇအနာဂါတ်အလင်းတန်း(မြန်မာ) ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ University of Wolverhampton (UK) နှင့် With Love All Things Are Possible Charity (UK) တို့၏ ပံ့ပိုးကူညီမှုများဖြင့် ကျင်းပခြင်းဖြစ်သည်။