ရခိုင်ပြည်နယ် မြောက်ပိုင်း အတွင်း ပြုနေသည့် စစ်ဆင်ရေးများကြောင့် နေအိမ်များမှ ထွက်ပြေးနေရသည့် ထောင်နှင့်ချီသော မွတ်စလင်များ အရေးကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းရန်၊ နယ်စပ်ကို ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်း ဝင်ရောက်ခိုလှုံအောင် မြန်မာမွတ်စလင်များကို ဖိအားပေးမှုများ မပြုလုပ်ရန်နှင့် ယင်း အခြေအနေများကို ဆောလျင်စွာ ကိုင်တွယ်ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံအမတ်ကို ဆင့်ခေါ်ပြောဆို ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံအမတ် ဦးမျိုးမြင့်သန်းကို ကြာသပတေးနေ့က ဆင့်ခေါ်ခြင်း ဖြစ်ကြောင်း ဒါကာမှ လာသော သတင်းများအရ သိရသည်။
ထောင်နှင့်ချီသည့် မြန်မာနိုင်ငံသားများသည် နှစ်နိုင်ငံ နယ်စပ်ကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေသည့်ကြားမှပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံလာနေသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာ သံအမတ်အား ပြောခဲ့သည်ဟု သတင်းများက ဆိုသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မြန်မာအနေဖြင့် ရခိုင်ပြည်နယ် အတွင်း ပြုလုပ်နေသည့် စစ်ရေး ပြင်ဆင်မှုများကြောင့် ဖြစ်ပေါ်နေသည့် ခွဲခြားဆက်ဆံခံနေရမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ အပေါ် နိုင်ငံတကာ၏ တောင်းဆိုမှုများကို အလေးထားရန် တိုက်တွန်းသည်ဟု ဖော်ပြသည်။
လူနည်းစု မွတ်စလင်များသည် နယ်စပ်ကို ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဝင်ရောက်ခိုလှုံနေသည့် အပေါ် ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာအစိုးရအား အရေးပေါ် စီမံဆောင်ရွက်များ ပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
မျက်မြင်သက်သေများနှင့် သတင်းများတွင် ဖော်ပြချက်များအရ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ စသည့် လက်နက်ကိုင် တပ်ဖွဲ့များ အင်အား ဖြည့်တင်းကာ မြန်မာနိုင်ငံမှ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက် နေသည့် ရိုဟင်ဂျာမွတ်စလင်များ အစုလိုက်အပြုံလိုက် ဝင်ရောက်မှုကို တားဆီးထိန်းချုပ်ထားသည်ဟု ဆိုသည်။
လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူများကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့မှ နိုင်ငံအတွင်း ဝင်ခွင့်မပေးဘဲ ပြန်လည်မောင်းထုတ်နေခြင်းသည် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ထုတ်ပြန်ပြောဆိုသည်။
ထို့အပြင် အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် တပ်စခန်း ၃ ခုတိုက်ခိုက်ခံရပြီး ရဲအဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရခြင်းကို တုန့်ပြန်သည့် မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများကိုလည်း လိုအပ်သည်ထက် ပိုသည့်”လက်စားချေမှု”ဟု ပြောဆိုလိုက်သည်။
“တိုက်ခိုက်မှုတွေမှာ မပါခဲ့တဲ့သူတွေ၊ မိသားစုတွေ၊ ရွာတွေကို ပစ်မှတ်ထားခြင်းအားဖြင့် ဒီစစ်ဆင်ရေးတွေဟာ ဘာသာရေးနဲ့ လူမျိုးရေးအခြေခံတွေပေါ် မူတည်ပြီး ပစ်မှတ်ထားတယ်ဆိုတာ ပေါ်လွင်ပါတယ်”ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ အရှေ့တောင်အာရှရေးရာ ဒါရိုက်တာ Champa Patel က ပြောဆိုကြောင်း ထုတ်ပြန်ကြေညာထားသည်။