နိုင်ငံခြားသားများ ပြည်တွင်းဝင်ရောက်နေထိုင်မှုနှင့် လုပ်ငန်းများတွင် ဗီဇာစည်းမျဉ်းများ ဖောက်ဖျက်မှုမရှိရေး ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။
စစ်ဆေးခြင်းကို လ.ဝ.က၊ ရဲနှင့် အထွေထွေအုပ်ချုပ်ရေးဌာန ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဗီဇာစည်း မျဉ်းများ ကျူးလွန်ဖောက်ဖျက်မှုတွေ့ရှိပါက ၎င်းနိုင်ငံခြားသားအပြင် လက်ခံသည့် အိမ်ရှင်ကိုပါ အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
တိုင်းအစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးမိုးဟိန်းက “ဥပဒေဖောက်ဖျက်ကျူးလွန်တဲ့ နိုင်ငံခြားသားကို လက်ခံရင် အိမ်ရှင် တွေပါ အရေးယူခံရမယ်။ ကိုယ့်နိုင်ငံသားတွေ ဘုမသိ ဘမသိနဲ့ အရေးယူခံရမှာစိုးလို့ သတိပေးမှုတွေ လုပ်နေတယ်၊ စစ်ဆေးမှုတွေ အခုလုပ်နေပါပြီ၊ ပြည်သူတွေရဲ့သတင်းပေးမှုနဲ့ ပူးပေါင်းမှုတွေ လိုအပ်ပါတယ်”ဟု ပြောသည်။
လတ်တလောတွင် နိုင်ငံခြားသားနေထိုင်မှုများသည့် မရမ်းကုန်းမြို့နယ်ရှိ မုဒိတာအိမ်ရာနှင့် မင်္ဂလာဒုံမြို့နယ်ရှိ ခရေရိပ်မွန်အိမ်ရာတို့တွင် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး အရေးယူဆောင်ရွက်ရသည့်ဖြစ်စဉ် မရှိသေး ကြောင်း ရန်ကုန်တိုင်း လ.ဝ.က ဦးစီးဌာနက သိရသည်။
လက်ရှိ ပြည်တွင်းသို့နိုင်ငံခြားသားဝင်ရောက်မှုကို ဗီဇာ ၁၂ မျိုးဖြင့် ခွင့်ပြုပေးလျက်ရှိရာတွင် နိုင်ငံခြားသားအနေဖြင့် လူနေအိမ်တွင် တည်းခိုနေထိုင်မည်ဆိုပါက တည်းခိုရန် ခွင့်ပြုထားသည့် ဗီဇာဖြစ်ရန် လိုအပ်ပြီး ဗီဇာခွင့်ပြုချက်မရှိဘဲ တည်းခိုနေထိုင်ပါက ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ( အရေးပေါ်ပြဌာန်းချက်များ) အက်ဥပဒေ (ပုဒ်မ-၁၃(၁)၊ ပုဒ်မ ၁၃(၅)) အရ နိုင်ငံခြားသားနှင့် အိမ်ရှင်ဖြစ်သူကို အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံးထောင်ဒဏ် ၅ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေ ၁၅၀၀ကျပ် ဖြစ်စေ၊ ဒဏ် ၂ရပ် လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
ယင်းအပြင် ဗီဇာအရ လူနေအိမ်တွင် ငှားရမ်းနေထိုင်ခွင့်ရှိသော်လည်း တကြိမ်လျှင် တနှစ်ထက်ပို၍ ငှားရမ်းထား ကြောင်း စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၁၂ အရ အငှားချထားသည့်ကာလအတွက် သဘောတူထားသည့်ငှားရမ်းခ၏ သုံးဆထက် မနည်းသော ငွေဒဏ်ချမှတ်ခံရမည့်အပြင် ပြစ်မှုနှင့်အကျုံးဝင်သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို လည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်သည်။
ဗီဇာခွင့်ပြုချက်ဖြင့် နိုင်ငံခြားသားများ တည်းခိုခြင်းကို လက်ခံထားသည့် စက်ရုံပိုင်ရှင်(သို့) မန်နေဂျာများနှင့် အိမ်ရှင် များအနေဖြင့် သက်ဆိုင်ရာ လ.ဝ.ကရုံးသို့ သတ်မှတ်ချက်များနှင့်အညီ ပုံစံ(၃) ( FORM- C) ကို ၂၄ နာရီထက် နောက်မကျဘဲ ပေးပို့အကြောင်းကြားရမည် ဖြစ်သည်။
တနိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံခြားသားဝင်ရောက်နေထိုင်မှုမှာ ရန်ကုန်မြို့တွင် အများဆုံးဖြစ်ပြီး ယခုကဲ့သို့ ရှောင် တခင်စစ်ဆေးခြင်းများကို ရန်ကုန်မြို့အပါအဝင် တနိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။