ကမာရွတ်မြို့နယ်၊ ရထားသံလမ်းပေါ်တွင် အသက်ဆယ်နှစ်အရွယ်ကလေးတဦး ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့်အမှုနှင့် ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်းမှ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံဟုသံသယရှိသူကို ဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့က စုံစမ်း ရှာဖွေမှုများ ပြုလုပ် နေလျှက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ မိန်းကလေး သေဆုံးမှုနှင့် ပတ်သက်၍ လူသတ်တရားခံဟု ရဲတပ်ဖွဲ့က သံသယ ရှိနေသူမှာ ပြာဂလောင် (ခ) ကျော်ကြီးဖြစ်ပြီး ဖမ်းဆီးရမိရေးအတွက် စုံစမ်းမှုများ ပြုလုပ်နေသကဲ့သို့ သံသယ တရားခံ နေထိုင်ခဲ့ဖူးသည့်နေရာများတွင်လည်း ဓာတ်ပုံနှင့်တကွ လိုက်လံဖြန့်ဝေထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ကပြောသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးလှဝေက “ကျနော်တို့ သိတဲ့သူတွေနဲ့လိုက် ပြီးဖြန့်ထားတယ်။ သူနေခဲ့ဖူးတဲ့ နေရာတွေရော။ စုံစမ်းဆဲပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ကမာရွတ်မြို့နယ်၊ ၆ ရပ်ကွက်၊ ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာကြား၊ မိုင်တိုင်အမှတ် (၄/၁၂) ရှိ ရထား သံလမ်းပေါ်တွင် အသက်ဆယ်နှစ်အရွယ် မိန်းကလေးငယ်တဦး ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို နိုဝင်ဘာ ၂၄ ရက် ည ၇ နာရီခွဲခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
တပ်ဖွဲ့ဝင်များ၏ သွားရောက်စစ်ဆေးမှုအရ ယင်းမိန်ကလေးသည် လည်ပင်းပြတ်ရှဒဏ်ရာများ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ အခင်းဖြစ်နေရာအနီးတွင် လွယ်အိတ်(၂)လုံးနှင့် ခဲတံချွန် ဓားတချောင်းတို့ကို တွေ့ရှိရသဖြင့် ကမာရွတ်မြို့မရဲစခန်းမှ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်ဟုသိရသည်။
ရန်ကုန်မှ လှော်ကားဘက်သို့သွာမည့်ရထားသည် ဟံသာဝတီဘူတာမှ ထွက်ခွာလာပြီး လှည်းတန်းဘူတာမရောက်မီ သံလမ်း ပေါ်တွင် ကလေးငယ် တဦး ရထားသံလမ်းပေါ်ခေါင်းတင်ပြီး ကန့်လန့် အနေအထား ရထားမီးရောင်အောက်တွင် တွေ့ရကြောင်း၊ ထို့ကြောင့် ရထားကို ရပ်လိုက်ပြီး သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် ကမာရွတ်အမှတ် (၇) ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးအေးသန်းက ဧရာဝတီကို ပြောသည်။
ဦးအေးသန်းက “အန်ကယ်ရောက်သွားတဲ့အချိန်မှာ ပလပ်စတစ်ကအုပ်ထားပြီးပြီ။ ခရိုင်ရဲမှူးလာတဲ့အချိန်မှာ ဖွင့်ပြီးကြည့် တဲ့အခါ လည်ပင်းမှာ ပြတ်ရှဒဏ်ရာတွေ့တယ်။ အဝတ်ဗလာချည်းတော့မဟုတ်ဘူး။ စကပ်ဆိုတော့ လန်နေတာပေါ့နော်။ အန်ကယ်တို့ သက်တမ်း တလျှောက် ဒီလိုမှုခင်းဖြစ်ရပ်မျိုးက မဖြစ်ခဲ့ဖူးပါဘူး။ ဒီနားမှာဒီလိုပုံစံမျိုးဖြစ်တာ ပထမဆုံးအကြိမ်ပဲ။ ဖြစ်စဉ် ဖြစ်တဲ့နေရာကလည်း လူသွား လူလာ အင်မတန် ပြတ်တဲ့နေရာ၊ အချိန်ကလည်း အမှောင်ဆိုတော့ လုံခြုံမှုမရှိတဲ့နေရာမှာဖြစ်တာပေါ့” ဟု ရှင်းပြသည်။
ထိုမိန်းကလေးငယ်အလောင်းကို စတင်တွေ့ရှိချိန်တွင် အပေါ်အဝတ်သာရှိပြီး ခန္ဓာကိုယ်အောက်ပိုင်းတွင် အဝတ်မရှိကြောင်း၊ မိန်းကလေး သည် အဓမ္မပြုကျင့်ခံရပြီးနောက် သတ်ပစ်ပြီး ရထားသံလမ်းပေါ်တွင် လာရောက်စွန့်ပစ်ထားခြင်းဖြစ်နိုင် သည်ဟု အလောင်းကို တွေ့ရှိသူများက မှတ်ချက်ပြုသည်။
အဆိုပါ မိန်းကလေး အသတ်ခံရမှုတွင် အဓမ္မပြုကျင့်ခံမှု ရှိမရှိနှင့် ပတ်သက်ပြီး ရဲမှူးလှဝေက “ဆေးစစ်ချက် ကမထွက်သေးဘူး။ ဘယ်တော့ထွက်မလဲဆိုတာ ဆရာဝန်ပေါ်မူတည်တာပေါ့” ဟု ပြောသည်။
အခင်းဖြစ်ပွားသည့်နေရာ အနီးတွင် ပြာဂလောင် (ခ) ကျော်ကြီး လွယ်သွားသည့် အပြာအဖြူစိမ်းပတ်လည်စင်းပါ ချည်လွယ် အိတ်ကို တွေ့ရှိရသည်ဟုလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ရဲမှတ်တမ်းအရ သေဆုံးသူမိန်းကလေးငယ်သည် လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအောက်ထိပ်နေ မဝင်းဝင်းအေး (၁၀) နှစ် ဖြစ်ပြီး ယင်း၏မိခင်မဌေးနှင့်အတူ လှည်းတန်းဂုံးကျော်တံတားအောက်တွင် ပန်းရောင်းသည့်အလုပ်လုပ်ကိုင်ကြောင်း မိခင်ဖြစ်သူက ပြောဆိုအတည်ပြုခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၄ ရက်နေ့တွင် မဌေးနှင့်သမီးဖြစ်သူတို့ လှည်းတန်းဂုံးတံတားအောက်တွင် ပန်းရောင်းနေစဉ် ညီမဖြစ်သူ၏ ခင်ပွန်းဟောင်းဖြစ်သူ ပြာဂလောင် (ခ) ကျော်ကြီး ရောက်ရှိလာပြီး ၎င်းတဦးတည်းပိုက်ဆံတောင်းရမ်းနေသည်မှာ အဆင်မပြေသဖြင့် သမီးဖြစ်သူအား ထည့်ပေးရန် ပြောဆို၍ ထည့်ပေးလိုက်သည်ဟု မိခင်ဖြစ်သူက ရဲတပ်ဖွဲ့ထံတွင် ထွက်ဆိုထားကြောင်းသိရသည်။
မိခင်ဖြစ်သူက ည ၇ နာရီ ၄၅ မိနစ်တွင် ပြာဂလောင် (ခ) ကျော်ကြီး တဦးတည်း ပြန်လည်ရောက်ရှိလာသဖြင့် သမီးဖြစ်သူအား မေးမြန်းရာ အရင်ပြန်လွှတ်လိုက်ပြီဟု ပြောဆိုသော်လည်း သမီးဖြစ်သူမှာ ပြန်လည်မရောက်ရှိသေးကြောင်း ပြန်ပြောရာ ကျော်ကြီးမှ လိုက်ရှာဦးမည်ဟု ပြောဆို၍ အင်းယားကန်ဘောင်ဘက်သို့ ထွက်သွားခဲ့သည်ဟုဆိုသည်။
ထို့နောက် မိခင်ဖြစ်သူမှလည်း သမီးဖြစ်သူအား လိုက်လံရှာဖွေခဲ့ပြီး ထိုသို့ ရှာဖွေစဉ် ရဲတပ်ဖွဲ့ဝင်များမှ မိန်းကလေးငယ် တဦးသေဆုံး နေကြောင်း ဓာတ်ပုံကိုပြသ၍ ကြည့်ရှုရာ ၎င်း၏ သမီးဖြစ်နေခြင်းကိုသိရှိရသည်ဟု ဆိုသည်။