တပ်မတော် နှင့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတို့ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် နှင့် နမ့်ဖက်ကာ လမ်းပေါ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး အရပ်သား သေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာရရှိမှု ထပ်မံတိုးလာကြောင်း သတင်းရရှိသည်။
တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု တိုက်ပွဲကြား သေနတ်ကျည် ထိမှန် သေဆုံးသူ တပ်သား ၁ဦး၊ ပြည်သူ့ စစ် ၂ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ဦးနှင့် အရပ်သား ၈ဦးအထိ တိုးလာပြီး ဒဏ်ရာရရှိသူ ၄၀ ခန့် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံး၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန် ထားသည်ကို တွေ့ရသည်။
ယနေ့ နေ့လယ်ပိုင်းတွင်လည်း တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု တိုက်ပွဲကြောင့် ကွတ်ခိုင်-နမ့်ဖက်ကာ ပြည်ထောင်စုလမ်းပေါ်တွင် ကား ၃ စီး ဖျက်ဆီး ခံရကြောင်း သိရသည်။
လက်ရှိ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး ပြန်ကြားရေး ဌာန မှ ဗိုလ်မှူး မိုင်းအိုက်ကျော် က “တိုက်ပွဲကတော့ ဒီနေ့ဆက်ဖြစ်တယ်။ မုံးကိုးမြို့မှာလည်း အခုထိ ဖြစ်နေတယ်။ ကွတ်ခိုင် ၁၀၅ မိုင် ဘက်မှာလည်း ကျို့ကြားကျို့ကြား ဖြစ်နေပါတယ်”ဟု ဧရာဝတီသို့ပြောသည်။
နိုဝင်ဘာ ၂၂ရက်နှင့် နိုဝင်ဘာ ၂၄ရက် တွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လက် နက်ကိုင် အဖွဲ့ ပစ်ခတ်မှုကြောင့် ကွတ်ခိုင်- မူဆယ် ပြည်ထောင်စု လမ်းမပေါ်တွင် အရပ်သား ၂ဦး သေနတ်ထိ သေဆုံးခဲ့ ကြောင်း၊ ထို့အပြင် ယနေ့ နံနက် ၁၁နာရီ တွင်လည်း မူဆယ်မြိုနယ် ကြူကုတ်(ပန်ဆိုင်း) နယ်မြေရဲစခန်းသို့ လက်နက်ကိုင် ၂ဦး မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရဲအရာရှိ ၂ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်းပင်ခံ ရုံး၏ လူမှု ကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
“အရပ်သားကို ကျနော်တို့ မပစ်ပါဘူး။ တိုက်ပွဲကြားမှာတော့ ကျနော်တို့ မတတ်နိုင်ဘူး။ ပစ်မိတာ ဟိုဘက် ကျည်၊ ဒီဘက် ကျည် ဖြစ်နေတော့ ဘယ်သူက ပစ်လည်း ဆိုတာ ကျနော်တို့ မပြောနိုင်ဘူး။ စစ်တပ်ဘက်ကလည်း ဖြစ်နိုင်တယ်။ အရပ် သား ကို ကျနော်တို့ သိရဲ့နဲ့ ပစ်တာတွေ မရှိပါဘူး”ဟု မိုင်းအိုက်ကျော် က ပြောသည်။
တိုက်ပွဲ ဆက်လက်ဖြစ်ပွားမှုသည် တပ်မတော် အပေါ်မူတည်ကြောင်း၊ စစ်ရေးဖြင့် ဖြေရှင်းမည်ဆိုလျှင် တိုက်ပွဲများ ဆက် လက်ဖြစ်ပွားမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်ချက်အရ တိုက်ပွဲများ ပိုပြင်းထန်းလာနိုင်ကြောင်း လည်း မိုင်းအိုက်ကျော် က ပြောဆိုသည်။
ထို့အပြင် နိုဝင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းကပ် ကျေးရွာ ရပ်ကွက်(၁) စာသင်ကျောင်း အနီး တွင် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဒေသခံ ၂ဦး သေဆုံးခဲ့ပြီး တဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး နမ့်ခမ်းမြို့ ရှမ်းလူငယ်အဖွဲ့ မှ စိုင်းခေး က “မန့်ဝိန်းကြီး ဘက်မှာပဲ အခုဖြစ်နေ တယ်။ မန့်ဝိန်းကြီးဘက်ကို သွားမယ့် ရွှေလီကြိုးတံတား ပိတ်ထားတယ်။ တိုက်ပွဲကတော့ အရမ်းတော့ မပြင်းဘူး။ နမ့်ခမ်း ဘက်ကနေတော့ သေနတ်သံတွေ ဗုံးသံတွေ တချက်တချက် ကြားနေရပါတယ်။ နည်းနည်းတော့ စိုးရိမ်နေရပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
ရှမ်း မြောက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲများသည် တပ်မတော် နှင့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု ဖြစ်သည့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် ရက္ခိုင့် တပ်မတော်(AA) တို့ ဖြစ်သည်။
ထိုတိုက်ပွဲများ ရပ်တန့်ရန် အတွက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့(DPN) ခေါင်းဆောင် ခူဦးရယ် က “တိုက်ပွဲ ရပ်တန့်ဖို့ ဘယ်လိုမျိုး လုပ်သင့်တယ်လို့ ကျနော်မဖြေခင်မှာ အခု မြောက်ပိုင်းက ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တွေ တုံ့ပြန်ပြီးတော့ တိုက်ပွဲတွေဖြစ်ပေါ်မှပဲ အတိဒုက္ခရောက် သေကြေ ဒဏ်ရာရ လူထုတွေအပေါ် သက်ညှာသလို ပြော လိုက်တာကတော့ တဖက်သတ် ကျတယ်လို့ ကျနော်မြင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်ဘက်မှ နှစ်ရှည်လများ ထိုးစစ်ဆင်၍ ပြည်သူအများ ဒုက္ခရောက်မှု အပေါ် အစိုးရ ဘက်မှ ပြောဆိုခြင်း မရှိခဲ့ ကြောင်း၊ အစိုးရ အနေဖြင့် အစိုးရ အမြင် သဘောထားဖြင့် ဘက်လိုက်မှု မရှိဘဲ ပြည်သူလူထုအပေါ် တူညီမှု နှင့် သက်ညှာ မှု သဘောထားမှုမျိုး ဖော်ပြ ရန်လိုအပ်ကြောင်းလည်း ခူဦးရယ်က ဆက်ပြောသည်။
တပ်မတော် နှင့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတို့သည် နိုဝင်ဘာ ၂၀ ရက်နေ့မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ အချိန်အထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း သိရသည်။