နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားမည့် ဆူဇူကီးဖလား ဘောလုံး ပြိုင်ပွဲ အုပ်စု (ခ) မှ မြန်မာအသင်းနှင့် မလေးရှား အသင်းတို့၏ အရေးပါသည့် ပွဲစဉ် အတွက် လုံခြုံရေး တင်းကျပ်စွာ ချထား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က မလေးရှားနိုင်ငံကို အခိုင်အမာ ပြောကြားခဲ့သည်ဟု သိရသည်။
ပြိုင်ပွဲမှ နုတ်ထွက်ခြင်းမပြုရန် အစိုးရအဖွဲ့မှ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် နည်းပြ Datuk Ong Kim Swee ၏ မလေးရှား လက်ရွေးစင် အသင်းက အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရေးအတွက် စိတ်အား ထက် သန် နေသည်။
“လုံခြုံရေး တင်းကျပ်ပါလိမ့်မယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ကလည်း အသင်းနဲ့ ပရိသတ်တွေ လုံခြုံရေး အတွက် အာမခံချက် ပေးခဲ့ပါတယ်” ဟု မလေးရှား ဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Datuk Hamidin Mohd Amin က မလေးရှားသတင်းဌာန New Strait Times ကို ပြောကြားခဲ့သည်။
ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲမှ မလေးရှားနိုင်ငံ မနုတ်ထွက်ဟု အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်သည်ကို ရည်ရွယ်ပြီး “အစိုးရက နုတ်ထွက်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့တာက ကစားသမားတွေကို စိတ်အားတက်ကြွစေခဲ့ပါတယ်။ သူတို့က ကျေးဇူးတင်ကြောင်း ပြသတဲ့ အနေနဲ့ မနက်ဖြန်ပွဲမှာ အနိုင်ရအောင် ကစားချင်ကြပါတယ်” ဟု သူက ထပ်ပြောသည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်ဆလင်များအား တိုက်ခိုက်နေမှုကို ဆန္ဒပြသည့် အနေဖြင့် မလေးရှားအသင်း နုတ်ထွက်ရန် နိုင်ငံတော်အဆင့် မလေးရှား ဘာသာရေးခေါင်းဆောင် တဦး တောင်းဆိုခဲ့ပြီးနောက် အစိုးရထံ တင်သွင်း ဆုံးဖြတ်စေခြင်း ဖြစ်သည်။
ရန်ကုန်တွင် နောက်လအတွင်း ကစားရန်ရှိသည့် အသက် ၂၂ နှစ်အောက် ချစ်ကြည်ရေးခြေစမ်းပွဲကို စီစဉ်ထားသည့် အတိုင်း ပြုလုပ်ရန် သင့်မသင့်ကို လာမည့် အပတ်အတွင်းတွင် မလေးရှား ဘောလုံး အဖွဲ့ချုပ် က ဆုံးဖြတ်သွားမည်ဖြစ် သည်ဟု Khairy Jamaluddin ကပြောသည်။
မလေးရှား အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို လူငယ်နှင့် အားကစား ဝန်ကြီး Khairy Jamaluddin က နည်းပြ Datuk Ong Kim Swee ထံ ယနေ့ တရားဝင် အကြောင်းကြားခဲ့သည်ဟုလည်း သိ ရသည်။
သို့သော်လည်း ဒီဇင်ဘာလ ၉ ရက်နှင့် ၁၁ ရက်နေ့များတွင် ရန်ကုန်မြို့တွင် ကစားမည့် မလေးရှားနိုင်ငံ အသက် ၂၂ နှစ်အောက် လက်ရွေးစင် အသင်းနှင့် မြန်မာအသင်းတို့၏ ချစ်ကြည်ရေး ခြေစမ်းပွဲများကို မူ ပယ်ဖျက်နိုင်သည် ဟု သိရသည်။