ပြည်တွင်းစစ်ပွဲဖြစ်ပွားရာ ဒေသများမှ အမျိုးသမီးများသာမက မြို့ပြရှိ အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ လုံခြုံရေးကို အပြည့်အဝ ကာကွယ်မှုများပေးရန် အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ) မှ တောင်းဆိုလိုက်သည်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ အဆိုအရ ပြည်တွင်းစစ်ဖြစ်ပွားရာဒေသများတွင် နေထိုင်သော အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို အစိုးရက ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခြင်း မရှိကြောင်း၊ မြို့ပြနေ အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာလုံခြုံရေးများကို မင်းမဲ့စရိုက်ဆန်စွာ လုပ်ဆောင်မှုများရှိ လသည့် အတွက် လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးရန် လိုအပ်နေကြောင်း သိရသည်။
“ အခုဆိုရင် ပိုဆိုးဝါးလာပြီ။ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုက စစ်ပွဲဖြစ်တဲ့ နေရာမှာတင် မဟုတ်တော့ဘူး၊ မြို့ပေါ်အထိပါ တွင်တွင်ကျယ်ကျယ် ဖြစ်လာပြီဆိုတာကို တွေ့လာရတဲ့အတွက် ကျမတို့ အမျိုးသမီးတွေအတွက်က စစ်ဖြစ်တဲ့နေရာဒေသမှာတင် မဟုတ်တော့ဘဲ မြို့ကြီး ပြကြီးမှာတောင်မှ လုံခြုံမှု မရှိတော့ဘူးလို့ ခံစားလာရတယ်” ဟု ဂျူလီယာ မာရစ်(ပ်) က ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ သူက “မြန်မာနိုင်ငံရဲ့ ထပ်ဝက်ကျော်က အမျိုးသမီးတွေ ဖြစ်နေတဲ့ အတွက် အမျိုးသမီးတွေရဲ့ လုံခြုံမှု ကင်းမဲ့နေသေးတယ်ဆိုတာ မြန်မာနိုင်ငံက မငြိမ်းချမ်းသေးတာနဲ့ အတူတူပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရဖို့က တိုက်ပွဲတွေ အားလုံး ရပ်တဲ့အပြင် မြန်မာနိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးများ အပါအဝင် တိုင်းသူပြည်သားအားလုံးအပေါ် လုံခြုံမှု အပြည့်အ၀ ပေးဖို့ လိုပါတယ်” ဟု ဆိုသည်။
ယနေ့ (နိုဝင်ဘာ ၂၅ ရက်) တွင် ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ လုပ်ဆောင်မှုအပေါ် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ သုံးသပ်ချက် စာတမ်းတစောင် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် လက်နက်ကိုင် စစ်ပဋိပက္ခများ ဖြစ်ပွားနေသော ကချင်နှင့် ရှမ်းပြည်နယ်ရှိ ဒေသများတွင် မြန်မာတပ်မတော် တပ်ဖွဲ့ဝင် အများဆုံုး ပါဝင် ကျူးလွန်ခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်ရပ် ၉၀ ကျော်ကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ရရှိလာသည့် အချက်များအရ အမှု ၅ မှုကိုသာ အရပ်ဖက် တရားရုံုးများတွင် ကြားနာခဲ့ကြောင်း ဖော်ပြထားသည်။
လိင်ပိုင်းဆိုင်ရာ အမှုများ စစ်ဆေးရာတွင် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုနှင့် တရားရုံး၏ လုပ်ဆောင်မှုများမှာ အားနည်းခြင်းများ ရှိနေကြောင်း၊ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများနှင့် တရားရုံး၏ လုပ်ဆောင်မှုများအပေါ် ထိန်းချုပ်မှုများ ရှိနေကြောင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် အမျိုးသမီးများ တရားမျှတမှု ရှာဖွေရာတွင်လည်း လျော်ကြေးများဖြင့် နှုတ်ပိတ်ခြင်းများ၊ ခြိမ်းခြောက်မှုများ၊ ညှင်းပမ်းနှိပ်စက်မှုများနှင့် တန်ပြန် လက်စားခြေမှုများကို ရင်ဆိုင်နေရကြောင်း အစီရင်ခံစာက ဆိုသည်။
WLB သည် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ စစ်ပဋိပက္ခနှင့် ဆက်နွယ်နေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၉၂ မှုကို မှတ်တမ်း ရယူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၁၅ မှု နှင့် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ၃ မှုကို မှတ်တမ်း ရယူနိုင်ခဲ့သည်။
၎င်းသည် အမျိုးသမီး အဖွဲ့အစည်းပေါင်း ၁၃ ဖွဲ့ဖြစ် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပြီး အဖွဲ့ချုပ် အနေနှင့် စစ်ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စောင့်ကြည့် မှတ်တမ်းတင်နေသည့် အဖွဲ့အစည်း တခု ဖြစ်သည်။