တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Liu Zhenmin နှင့် ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီ၊ ဒုတိယပူးတွဲစစ်ဦးစီးချုပ် General Xu Fenlin တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကာ လက်ရှိဖြစ်ပေါ်နေသည့် အရှေ့မြောက်ဒေသဖြစ်စဉ်များ ၊ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အကြား(၂+၂) ဆောင်ရွက်နေသည့် အကြောင်းအရာများကို ဆွေးနွေးကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Liu Zhenmin၊ ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီ၊ ဒုတိယပူးတွဲစစ်ဦးစီးချုပ် General Xu Fenlin၊ တို့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက တရုတ်-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးရှိပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အစဉ်အသိအမှတ်ပြု လေးစားမှုရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ချက်များအပေါ် ထောက်ခံမှုရှိကြောင်းနှင့် အရှေ့မြောက်ဒေသဖြစ်စဉ်များနှင့် ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သဘောထားရပ်တည်ချက်နှင့် လုပ်ဆောင်မှု များအား ဆွေးနွေးပြော ကြားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာ-တရုတ်သည် အိမ်နီးချင်းကောင်း မိတ်ဆွေညီအစ်ကိုနိုင်ငံများ ဖြစ်ကြောင်း၊ တပ်မတော်၏ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေမှုများကို ပြောကြားကြောင်းသိရသည်။