အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ မြန်မာသံရုံးနှင့် အစိုးရရုံးများကို နောက်လအတွင်း ပစ်မှတ်ထား တိုက်ခိုက်မည့် အစ္စလာမ်မစ် စစ်သွေးကြွတဦးကို ဗုံးခွဲတိုက်ခိုက်ရာတွင် အသုံးပြုသော ပစ္စည်း အများအပြားနှင့် အတူ ဖမ်းဆီးထားကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
ဂျကာတာမှ လာသော ရိုက်တာသတင်းအရ ဖမ်းဆီးခံထားရသူမှာ အသက် ၂၃ နှစ်အရွယ် Rio Priatna Wibawa ဆိုသူဖြစ်ပြီး Islamic State အဖွဲ့ကို ထောက်ခံသော အင်ဒိုနီးရှားအဖွဲ့တဖွဲ့၏ အဖွဲ့ဝင်ဟု ယုံကြည်ရကြောင်း သိရသည်။
ဖမ်းဆီးရမိသော ဖောက်ခွဲရေးပစ္စည်းများမှာ ၂၀၀၂ ခုနှစ် ဘာလီကျွန်းပေါ်ရှိ နိုက်ကလပ်တခုတွင် လူ ၂၀၂ သေဆုံးစေခဲ့သော ဗုံးထက် ၂ ဆ ပိုပြင်းအောင် ဖောက်ခွဲနိုင်သည့် ပမာဏရှိကြောင်းလည်း ဂျကာတာမှ သတင်းများက ဆိုသည်။
ဖမ်းဆီးခံထားရသူသည် စိုက်ပျိုးရေးသိပ္ပံဖြင့် တက္ကသိုလ်မှ ဘွဲ့ရထားပြီး အလုပ်လက်မဲ့တဦးဖြစ်ကြောင်း၊ အင်ဒိုနီးရှားတခွင် ဗုံးများ ခွဲရန် ကြံစည်ထားသူဖြစ်ကြောင်း အင်ဒိုနီးရှား ရဲကပြောကြောင်း သိရသည်။
တချိန်တည်းတွင်ပင် မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာ သံရုံး ရှေ့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းနေ နိုင်ငံမဲ့ မွတ်ဆလင်များအရေးနှင့်ပတ်သက်ပြီး ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ရာ မလေးရှားရဲက လူ ၄ ဦးကို ဖမ်းဆီးလိုက်သည်။ ၃ ဦးမှာ ရိုဟင်ဂျာ ဖြစ်ပြီး တဦးမှာ မလေးရှားဖြစ်ကြောင်း သိရသည်။