မြောင်းမြမြို့တွင် အဝေးပြေးကားဝင်းတည်ဆောက်ခွင့်ရရှိထားသည့် သံတောင်မြို့နယ်၊ ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိပြီး စီးပွားရေးတာဝန်ခံဖြစ်သူ လဝန်းသစ္စာကုမ္ပဏီပိုင်ရှင် ဦးသော်လင်းထွန်းကို ငွေကျပ်သိန်း ၁ သောင်းကျော် လိမ်လည်မှုဖြင့် မြောင်းမြမြို့ခံများနှင့် Sky Engineering Group ကုမ္ပဏီတို့က မြောင်းမြမြို့မရဲစခန်းတွင် အမှု ၅ မှုဖွင့်၍ တရားစွဲဆိုထားကြောင်း သိရသည်။
လဝန်းသစ္စာကုမ္ပဏီပိုင်ရှင် ဦးသော်လင်းထွန်းမှာ ကားဝင်းးဆိုင်ခန်းများ ရောင်းချကာ ငွေအကြေယူပြီး ဖြစ် သော်လည်း ပြီးဆုံးသည်အထိ တည်ဆောက်မပေးခြင်း၊ ဆိုင်ခန်းများကို လိမ်လည် ရောင်းချခြင်း၊ အကျိုးတူ လုပ်ကိုင်သည့် ကန်ထရိုက်တာများအား ငွေပေးချေခြင်းမရှိဘဲ တိမ်းရှောင်နေခြင်းများ ပြုလုပ်သည်ဟု ဆိုကာ ဆိုင်ခန်းဝယ်ယူထားသူ ၂ ဦးနှင့် အကျိုးတူလုပ်ကိုင်သည့် Sky Engineering Group ကုမ္ပဏီတို့က ပုဒ်မ ၄၂၀ (လိမ်လည်မှု) ဖြင့် ယခုလ တတိယပတ်အတွင်းက လည်းကောင်း၊ မြောင်းမြမြို့ခံ ဦးဌေးအောင်က နိုဝင်ဘာ ၂၄ ရက်ခန့်က လည်းကောင်း အသီးသီး အမှုဖွင့်တရားစွဲဆိုထားခြင်း ဖြစ်သည်။
“ဦးသော်လင်းထွန်း (လဝန်းသစ္စာကုမ္ပဏီပိုင်ရှင်) ကို ကျနော်တို့စခန်းမှာ ပုဒ်မ ၄၂၀ နဲ့ အမှုလာဖွင့်ထားတာ
၅ မှု ရှိပါတယ်။ ပထမ ၃ မှုကိုတော့ တရားလိုရော တရားခံပါ စစ်ဆေးပြီးပါပြီ။ နောက်ဆုံး ၂ မှုကတော့ တရားလိုကိုပဲ စစ်ရပါသေးတယ်။ စစ်ဆေးမှုအားလုံးပြီးစီးတဲ့အခါ အမှုတွေ တရားရုံးကို တင်ပို့သွားမှာပါ”ဟု မြောင်းမြမြို့မစခန်းမှူး ဒုရဲမှူး အေးမင်းသိန်းက ဧရာဝတီကို ပြောသည်။
ဦးသော်လင်းထွန်းကို ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်လက်ထက် ၂၀၁၄ ခုနှစ်က လုပ်ကိုင်ခွင့် ချထားပေးခဲ့ခြင်းဖြစ်ပြီး အကျိုးတူ ကန်ထရိုက် Sky Engineering Group ကုမ္ပဏီထံက ငွေကျပ်
၆၀၉၆ သိန်း၊ မန္တလေးမြို့နေ ဦးပြည့်စုံဝင်းထံက ငွေကျပ် သိန်း ၆၀၀ ၊ မြောင်းမြမြို့ခံ ဦးဌေးအောင်ထံက ကျပ်သိန်း ၄၀၀၀ ကျော်၊ ဒေါ်မူမူစန်း ထံက ငွေကျပ် ၁၄၀ သိန်းတို့ကို လိမ်လည်သည့်အတွက် တရားစွဲဆိုခြင်းဖြစ်ကြောင်း နစ်နာသူများက ပြောသည်။
“ဦးသော်လင်းထွန်းဟာ ကျမတို့ကို ဖိတ်ခေါ်လို့ အဝေးပြေးကားဝင်းတည်ဆောက်မှုမှာ Sub ကန်ထရိုက်အနေနဲ့ ပွဲရုံဆိုင်ခန်း ၄၂ ခန်း တည်ဆောက်ဖို့ ၂၀၁၅ မှာ စာချုပ်ခဲ့တယ်။ စရံအဖြစ် သူ့ကို (ဦးသော်လင်းထွန်း) သိန်း ၆၀၀ ပေးပြီး ဆောက်ရာမှာ ပြီးစီးမှုအဆင့်လိုက် ငွေချေပေးမယ်ပြောပြီး အခုချိန်အထိ ကျမတို့ စရံပေးထားတဲ့ ငွေတွေအပါအဝင် ကျပ်သိန်း ၆၀၀၀ ကျော်ကို ဦးသော်လင်းထွန်းက တပြားမှပြန်မပေးလို့၊ ပြီးတော့ ဟိုနေ့ ပေးမယ်၊ ဒီနေ့ပေးမယ်နဲ့ ကတိတွေအကြိမ်ကြိမ်ဖျက်ခဲ့လို့ တရားစွဲတာပါ”ဟု Sky Engineering Group ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဒေါ်ခိုင်စုယဉ်က ပြောသည်။
ဆိုင်ခန်းဝယ်ယူထားသူ မြောင်းမြမြို့ခံ ဦးဌေးအောင်က”ကျနော့်အနေနဲ့ ဆိုင်ခန်းတွေကို သိန်း ၄ ထောင် ကျော်ဖိုးအထိ ဝယ်ယူခဲ့တယ်။ ငွေလည်းတပြားမကျန် ဦးသော်လင်းထွန်းကို ပေးခဲ့ပြီးသားပါ။ ငွေကျတော့ယူပြီး
ဆိုင်ခန်းကျတော့ ပြီးအောင်ဆောက်မပေးဘူး။ ဆောက်လက်စတန်းလန်းနဲ့ ပစ်ထားတာ ၆ လလောက် ဖြစ်နေပြီ။ ပြီးတော့ ဆိုင်ခန်းတွေကို အောက်တိုဘာလ ၃၀ နောက်ဆုံးထားပြီး ဝယ်သူဆီအပ်နှံမယ်၊ မအပ်နိုင်ခဲ့ရင် ဝယ်ထားတဲ့ငွေရဲ့ ၂ ဆကို ပြန်လျော်ပါမယ်လို့ ဦးသော်လင်းထွန်းနဲ့ ကျနော်တို့ စာချုပ် ချုပ်ဆိုထားတယ်။ အဲတော့ သတ်မှတ်အချိန်ကာလ ကျော်လွန်နေလို့ တရားစွဲတာပါ”ဟု ပြောသည်။
မိမိအနေဖြင့် ကျပ်သိန်း ၄ သောင်းကျော် တန်ဖိုးရှိ မြောင်းမြမြို့၊ အဝေးပြေးကားဝင်းစီမံကိန်းကို ကျပ်သိန်း
၂ သောင်းကျော် စိုက်ထုတ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရအကူးအပြောင်း ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆင်းမှုနှင့်အတူ ဈေးဆိုင်ခန်းများလည်း မျှော်လင့်ထားသလို ရောင်းချနိုင်ခြင်း မရှိသည့်အတွက် ငွေမချေနိုင်ခြင်းဖြစ်ပြီး ပြေလည်အောင်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း တရားစွဲခံထားရသူ ဦးသော်လင်းထွန်းကပြောသည်။
““ဆိုင်ခန်းတည်ဆောက်မှုတွေကို နောက်လမှာ ပြန်လည်စတင်မှာပါ။ နိုင်ငံခြားကုမ္ပဏီတွေကို ကျနော်တို့ အကူအညီတောင်းတော့ ငွေကြေးပိုင်ဆိုင်ရာ ကူညီပေးမယ့်ကတိတွေ ရထားပါတယ်။ ဒါကြောင့် ဆိုင်ခန်းတွေကို ပြီးဆုံးအောင်ဆောက်ပြီး ပိုင်ရှင်လက်ဝယ် အပ်နှံပေးသွားမှာပါ။
ကျနော့် အနေနဲ့ ဆပ်ကန်ထရိုက်တွေရဲ့ငွေကိုလည်း မကြာခင်မှာ ပြန်လည်ချေပေးသွားပြီး ဆိုင်ခန်းတွေ ကိုလည်း ပြီးဆုံးအောင်ဆောက်တဲ့နည်းလမ်းနဲ့ ဖြေရှင်းပေးသွားမှာပါ”ဟု သူက ပြောသည်။
မြောင်းမြမြို့၊ အဝေးပြေးကားဝင်းစီမံကိန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် လဝန်းသစ္စာကုမ္ပဏီတို့ ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် စာချုပ်ချုပ်၍ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ကားဝန်းအတွင်း ပွဲရုံနှင့် လူနေဆိုင်ခန်းပေါင်း ၁၀၈ ခန်းအပါအဝင် ကားပြင်နေရာ၊ ကွန်ကရစ်လမ်း၊ ကားရေဆေးခုံ၊ ဆီဆိုင်စသည့် အခြေခံအဆောက်အဦး ၁၇ ခုတို့ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလကုန်တွင် အပြီးတည်ဆောက်ရန် သတ်မှတ်ထားကြောင်း သိရသည်။
တည်ဆောက်ရေးအတွက် လဝန်းသစ္စာကုမ္ပဏီက Sky Engineering Group၊ Summit Top၊ YET Engineering Group၊ ပါရှန်းပုလဲစသည့်ကုမ္ပဏီများနှင့် အကျိုးတူကန်ထရိုက် စာချုပ်ချုပ်၍ အဝေးပြေး ကားဝင်းကိုတည်ဆောက်ခဲ့သော်လည်း လဝန်းသစ္စာကုမ္ပဏီပိုင်ရှင် ဦးသော်လင်းထွန်းက ငွေပေးချေခြင်း မရှိသည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရပြီး အဝေးပြေးကားဝန်းမှာလည်း စီမံကိန်း ကာလအတွင်း မပြီးစီးသည့်အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရသည်။