သတင်း

NLD ကိုယ်စားလှယ်များ လွှတ်တော် ကော်မတီ တာဝန်များမှ ဖယ်ရှားခံရ

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်များကို ပြည်သူ့ လွှတ်တော် ကော်မတီ အသီးသီး၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် တာဝန်များမှ ပယ်ဖျက်လိုက်ကြောင်း ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာသည်။

၎င်းတို့မှာ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးစိန်ဝင်း၊ အဖွဲ့ဝင် ဒေါက်တာစိုးမိုးသူ၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ အတွင်းရေးမှူး ဒေါက်တာ အောင်ခင်၊ ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ဦးဉာဏ်လင်းနှင့် စီးပွားရေးနှင့် ဘဏ္ဍာ ရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် ဦးအောင်လှိုင်ဝင်းတို့အား သက်ဆိုင်ရာ တာဝန်အသီးသီးမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် တောင်သူ လယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ တာဝန်မှ ဖယ်ရှားခံရခြင်းမှာ ၎င်းသည် အခြား NLD ပါတီဝင် တဦးကို လိမ်လည်မှု၊ အသရေ ဖျက်မှုတို့ဖြင့် တရားစွဲဆိုရာတွင် ပါတီလူကြီးများ၏ စကားကို နာခံမှု မရှိခဲ့ခြင်းကြောင်း ဖြစ်ကြောင်း ဦးစိန်ဝင်းက မီဒီယာများသို့ ပြောသည်။

ဦးစိန်ဝင်းသည် ၎င်း၏ ဂုဏ်သိက္ခာ ကျဆင်းအောင် စာများ ဖြန့်ဝေသည်ဟုဆိုကာ NLD မှ တိုင်းဒေသကြီး အဆင့် လွှတ်တော် ကိုယ် စားလှယ်တဦး အပါအဝင် အခြား NLD ပါတီဝင်များနှင့် ကုမ္ပဏီပိုင်ရှင် တဦးတို့ကို အောက်တိုဘာလအတွင်းက မအူပင်မြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဦးစိန်ဝင်းက “ပါတီရဲ့ စည်းမျဉ်း၊ စည်းကမ်းမူအရ အန်ကယ့်ကို ပါတီတာဝန်က ရပ်စဲတယ်ပေါ့။ အန်ကယ်ဘက်ကတော့ မမှားဘူး လို့ ပြောချင်တယ်။ ရာဇဝတ်မှု ကျူးလွန်တဲ့သူကို ရဲတိုင်ရုံကလွဲလို့ ဒီဟာက ပါတီတွင်း ရှင်းရမယ့် ကိစ္စ မဟုတ်ဘူး။ ရာဇဝတ်မှုကို အန်ကယ်က တိုင်တာ”ဟု ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ “ကိုယ့်လူမိုလို့ လျှော့ပေးရင် အရင်လူနဲ့ ဘာထူးမှာလဲ”ဆိုသည့် စကားကို နားထောင်၍  ယခုကဲ့သို့ ပါတီဝင် အချင်းချင်း အမှုဖွင့် တိုင်ကြားခြင်းဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ကို လက်တွေ့ အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်ကြောင်း ဦးစိန်ဝင်းက ပြောသည်။

“သို့သော် ဒီလိုမျိုးတွေ ဖြစ်လာတဲ့ အနေအထားသည် ထားရှိတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ လုပ်ဆောင်ချက်တွေက တခုခုတော့ လိုအပ်တယ်။ စီမံခန့်ခွဲမှုမှာ လိုသလား။ အုပ်ချုပ်မှုမှာ လိုသလား။ ပွင့်လင်းမှုမှာ လိုသလား။ တခုခုမှာ လိုတယ်လို့ သုံးသပ်ပါတယ်”ဟု ဦးစိန်ဝင်း က ပြောသည်။

ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အတွင်းရေးမှူးနေရာမှ ဖယ်ရှားခံရသူ ဒေါက်တာ အောင်ခင်မှာ အခြား ရေးရာ ကော်မရှင် တခုတွင် အတွင်းရေးမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်တော့မည် ဖြစ်သဖြင့် ယခုကဲ့သို့ ပယ်ဖျက်ခြင်း ဖြစ်ကြောင် လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းမှ သိရသည်။

ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ဦးဉာဏ်လင်းမှာ ရွေပြည်သာ မြို့နယ်ရှိ မိုတယ်တခုတွင် ညအချိန် မိုတယ်တာဝန်ရှိသူများနှင့် အချင်းများခဲ့ရာ ဥပဒေပြုမဏ္ဍိုင်က အုပ်ချုပ်ရေးမဏ္ဍိုင်ကို ဝင်ရောက် စွက်ဖက်သည့် သဘော သက်ရောက်သဖြင့် ယခုကဲ့သို့ အရေးယူခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဦးစိန်ဝင်း နည်းတူ အခြား အရေးယူခံရသူတဦးမှာ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းဆိုသူ ဖြစ်ပြီး ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်အဖြစ်မှ ရုပ်သိမ်းခံရခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂၂ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ဂျပန်နိုင်ငံ၏ ချေးငွေဖြင့် သန်လျင်တံတား အသစ်တစီး ထပ်ဆောက်ခြင်းကို ဝေဖန်ဆွေးနွေးခဲ့ပြီး နိုင်ငံအတွက် ရရှိလာသည့် ဖွံ့ဖြိုးရေး အကူအညီများကို တိုင်းရင်းသား ဒေသများသို့ မျှမျှတတ ခွဲဝေပေးရေး ဆွေးနွေးချက်ကြောင့် ဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်းက ဧရာဝတီသို့ ပြောသည်။

“အဲလို ဆွေးနွေးပြီး နောက်တရက်မှာ ဦးဝင်းထိန်က သူ့အခန်းမှာ ခေါ်ပြောတယ်။ ကျနော် ဆွေးနွေးချက်တွေက ‘ အစိုးရကို ထိခိုက်စေတယ်” ဆိုပြီး အပြောခံရတယ်။ မင်းပြောသလို တိုင်းရင်းသားတွေက တောင်းဆိုလာရင် ဘယ်လို လုပ်မလဲတဲ့။ ကျနော်ကတော့ ပြောစရာ ရှိတာတော့ ပြောမှာပဲ။ ဘယ်သူ့ကိုမှတော့ မထိခိုက်စေချင်ဘူး”ဟု ဦးအောင်လှိုင်ဝင်းက ဆိုသည်။

၎င်းက ဆက်၍ “ဂျပန်ချေးငွေနဲ့ တံတားတစီး ထပ်ထိုးမယ်ဆိုတာကို ကျနော် မကန့်ကွက်ပါဘူး။ ဒါပေမယ့် နောက်ရလာ မယ့် ချေးငွေတွေမှာတော့ ရလာတဲ့ ရန်ပုံငွေ အချိုးအစားကို လိုက်ပြီး တိုင်းရင်းသားဒေသတွေမှာ မျှမျှတတ သုံးစွဲပေးဖို့ အကြံပြုရုံပါ”ဟု ပြောသည်။
ဦးအောင်လှိုင်ဝင်း၏ ယခင် လွှတ်တော်အတွင်း ဆွေးနွေးချက်၊ မေးခွန်များသည်လည်း အစိုးရကို အကျပ်ရိုက်စေသည့် သဘောများစွာ ရှိခဲ့သည်ဟု NLD လွှတ်တော် ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။

ထို့ပြင် ဥပဒေကြမ်းကော်မတီမှ အတွင်းရေးမှူး ဦးစတီဗန်ကို ယင်းကော်မတီ၏ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ဥပဒေကြမ်းကော်မတီမှ အဖွဲ့ဝင် ဦးကျော်စိုးလင်းကို ယင်းကော်မတီ၏ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် ဒေါက်တာသန်းဝင်းအား ယင်းကော်မတီ၏ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီမှ အဖွဲ့ဝင် ဦးကျော်မြင့်အား ယင်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ကြောင်း ယနေ့ ထုတ်ပြန်သည်။

ဥပဒေကြမ်းကော်မတီတွင် ဒေါက်တာ ဝေဖြိုးအောင်၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတွင် ဒေါက်တာ အေဇင်လတ်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီတွင် ဦးဇော်မင်းသိန်းနှင့် ဦးရွှေလှကြိုင်၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် ဒေါ်ဝင့်ဝါထွန်းတို့ကို ကော်မတီအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading