ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင် ယဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။
ANP ပါတီ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယဉ်ပြိုင်ရခြင်းသည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင် ဆင်သည့် အနေဖြင့် ပါဝင်ယဉ်ပြိုင်ခြင်း ဖြစ်ကြောင်း၊ ၎င်းအား အမ်းမဲဆန္ဒနယ်မှ ပါဝင်ယဉ်ပြိုင်ရန် ဒေသခံများနှင့် ပါတီက ရွေးချယ်ထားသည်ဟု သိရသော်လည်း တရားဝင် ကြေညာချက် ထုတ်ပြန်ပြီးမှသာ အတည်ပြုနိုင်မည် ဖြစ်ကြောင်း ဒေါက်တာ အေးမောင် က ဧရာဝတီ ကို ပြောသည်။
ဒေါက်တာ အေးမောင် က “အမ်းမဲဆန္ဒနယ်ဟာ ပါတီအတွက်ရော၊ ရခိုင်ပြည်နယ်အတွက်ပါ အရေးပါတဲ့နယ်မြေပါ၊ အဲဒီ လို နယ်မြေမှာ အရွေးခံမယ့် ဇာတ်ကောင်ဟာ အရေးကြီးတဲ့ အတွက် ကျနော့်ကို ဆန္ဒပြုကြတာလို့ပဲ ယူဆပါတယ်” ဟု ဆို သည်။
အမ်းဒေသခံ ပြည်သူများ၏ ဆန္ဒအရ ဒေါက်တာအေးမောင်ကို အမ်းမြို့နယ်မှ ဝင်ရောက်ယဉ်ပြိုင်စေလိုသည့် အတွက် ရွေးချယ်ရခြင်း ဖြစ်ကြောင်း ANP ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ဧရာဝတီ ကို ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ အမ်းမဲဆန္ဒနယ်မှ ပါဝင်ယဉ်ပြိုင်ရန် ဒေါက်တာအေးမောင်နှင့်အမ်းဒေသခံ ကိုယ်စားလှယ်လောင်း ၂ ဦးကို မဲစနစ်ဖြင့် ရွေးချယ်ကြောင်း၊ မဲဆန္ဒပေါင်း ၄၀၀ ဝန်းကျင်တွင် ဒေါက်တာ အေးမောင်က ထောက်ခံမဲ ၃၀၀ ကျော် ရရှိပြီး တခြားကိုယ်စားလှယ်လောင်း ၂ ဦး အနက် တဦးသည် ၁၁ မဲ နှင့် တခြားတဦးသည် ၉ မဲ သာရရှိကြောင်း ဦးထွန်း အောင်ကျော် က ပြောသည်။
၎င်းက “ကျနော်တို့က ဗဟိုဦးစီး စနစ်နဲ့လုပ်တာ မဟုတ်ဘဲ ဒေသခံပါတီဝင်တွေ၊ ပြည်သူတွေရဲ့ ဆန္ဒအရ ရွေးချယ်တာပါ၊ အစည်းအဝေး တက်ရောက်တဲ့ လူ ၄၀၀ လောက်မှာ ၃၀၀ ကျော်က ဒေါက်တာ အေးမောင်ကို ဆန္ဒပြုကြပါတယ်”ဟု ဆို သည်။
ကိုယ်စားလှယ်လောင်း ရွေးချယ်ရန်အတွက် ဦးထွန်းအောင်ကျော် ဦးဆောင်သည့် ANP ၏ ဗဟို အဖွဲ့ဝင်များသည် အမ်း မြို့နယ် ပါတီဝင်များ၊ ဒေသခံများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ ဆန္ဒအရ ရွေးချယ်ခြင်း ဖြစ်ကြောင်း ဦးထွန်းအောင်ကျော် က ပြော သည်။
ရခိုင်ပြည်နယ်၌ လစ်လပ်မဲဆန္ဒနယ် အဖြစ် အမ်းမဲဆန္ဒနယ် တခုသာ ရှိပြီး၊ ANP ပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့သည် အဓိက ယဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ တခြားပါတီ ငယ် တချို့လည်း ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
လစ်လပ် မဲဆန္ဒနယ်သည် ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ၏ နေရာဖြစ်ပြီး၊ ဦးသိန်းဆွေ သည် လက်ရှိ NLD အဖွဲ့၌ ပြည်ထောင်စု ဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
ဒေါက်တာအေးမောင်သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ မာန်အောင်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်း အဖြစ် ဝင်ရောက်ယဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ သို့သော်၂၀၁၀ ရွေကောက်ပွဲ၌ စစ်တွေမြို့နယ်မှ အမျိူးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါဝင်ယဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ပြီး၊ လွှတ်တော်၌ ဒု သမ္မတ အမည်စာရင်း တင်သွင်းခံခဲ့ ရ သူလည်း ဖြစ်သည်။
သူသည် ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်မရခဲ့သလို အမ်းမဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီနှင့်စစ်တပ်၏ အမာခံနယ်မြေ ဖြစ်နေခြင်း စသည်တို့ကြောင့် ဒေါက်တာအေးမောင် အနိုင်မရနိုင်ဟု သုံးသပ်ပြောဆိုမှုများလည်းရှိသည်။ အမ်းမဲဆန္ဒနယ်သည် ကြံ့ခိုင်ရေးပါတီ၏ အမာခံနယ်တခုဖြစ်သည့်အပြင် အနောက်ပိုင်းတိုင်း စစ်ဌာချုပ် တည်ရှိသည့် နယ်မြေတခုလည်း ဖြစ်ပြီး၊ ကြံ့ခိုင်ရေးပါတီ က အနိုင်ရထားသည့် မဲဆန္ဒနယ်တခုလည်း ဖြစ်သည်။
ANP ပါတီကမူ အမ်းမြို့နယ်၏ အခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်ပြီးမှသာ ဒေါက်တာအေးမောင်အား ရွေးချယ်ခြင်း ဖြစ်ပြီး အနိုင်ရရန် ယုံကြည်ကြောင်း ဦးထွန်းအောင်ကျော် က ပြောသည်။
ကြံ့ခိုင်ရေးပါတီသည် အမ်းမြို့နယ်၌ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ် လွှတ်တော် ၂ ရာ စသည်ဖြင့် ၄ နေရာစလုံးကို အနိုင်ရခဲ့သည်။ ထို့အတူ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း မဲဆန္ဒ နယ် ၄ နေရာ အနက် ကြံ့ခိုင်ရေး ပါတီက ၂ နေရာနှင့် ANP ပါတီက ၂ နေရာ အနိုင် ရရှိခဲ့သည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အမ်းမဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု၍ ပါတီ၏ ခရိုင်ကော်မတီဝင် ဖြစ်သူ ဦး သောင်းငြိမ်း အား ရွေးချယ်ထားကြောင်း၊ ကြံ့ခိုင်ရေးပါတီ၏ ရခိုင်ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ က ဧရာဝတီ ကို ပြော သည်။
ဒေါက်တာ စန်းရွှေ က “ကျနော်တို့ပါတီ အနေနဲ့ကတော့ ဗဟိုဌာနချုပ်က ညွှန်ကြားတဲ့အတိုင်းပဲ လုပ်ဆောင်မှာပါ၊ လော လောဆယ်တော့ ကြိုတင်ပြင်ဆင် စည်းရုံးတာတွေ မလုပ်သေးပါဘူး” ဟု ဆိုသည်။
အဆိုပါ မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဦးဇော်ဝင်းမြင့်လည်း ပါဝင်ယဉ်ပြိုင်မည်ဖြစ်သည်။ သူသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ အမ်းမဲဆန္ဒနယ်၏ ပြည်နယ် လွှတ်တော် အမှတ် ၁၊ က ပါဝင် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။