ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အကျဉ်းထောင်အတွင်း နိုဝင်ဘာလ ၂၆ ရက်နေ့က ထောင်တွင်းပဋိပက္ခဖြစ်ပွားရာတွင် ထောင်ဝန်ထမ်းများကိုရန်ရှာခဲ့သည့် အကျဉ်းသား ၄ ဦးကို ဧရာဝတီတိုင်း ဒေသကြီး၊ အကျဉ်းဦးစီးဌာနက ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
ပုသိမ်အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် အကျဉ်းသား သန်းဦး (ခ) မောင်ဦး (ခ) သဲမောင်၊ ကောင်းမြတ်သူ (ခ) ကိုဇေ၊ ဇင်ဖြိုးအောင်နှင့် ဇော်ဇော် (ခ) ဖိုးဇော်တို့ လေးဦးမှာ အကျဉ်းထောင်အတွင်း အချင်းချင်းရန်ဖြစ်ရာမှအစပြု၍ ထောင်အခန်းတံခါးကို ရိုက်ချိုးကာ အချုပ်ခန်းအပြင်သို့ထွက်ပြီး ထောင်ဝန်ထမ်းများကို ရန်ရှာခဲ့သည့်အတွက် အကျဉ်းဦးစီးဌာန လက်ထောက်ကြီးကြပ်ရေးမှူး ၁ ဦးခိုင်ထွဏ်းက တရားလိုပြုလုပ်ကာ ပုသိမ်နယ်မြေရဲစခန်းတွင် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အကျဉ်းသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်စကားများ ရန်ဖြစ်တယ်။ ပြီးတော့ တာဝန်လဲဖို့ ရောက်လာတဲ့ ထောင်ဝန်ထမ်းကို ရန်ရှာတယ်။ အချုပ်တိုက်တံခါးကို တွန်းထိုးပြီး အပြင်ထွက်လာပြီး မိန်းဂျေးလ်ကိုသွားတဲ့လမ်းပေါ်မှာ အော်တာဟစ်တာတွေလုပ်တဲ့အတွက် သူတို့ကို ထောင်ဥပဒေအရ ခြေကျင်းခတ် အရေးယူထားသလို ဥပဒေအရလည်း ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးမင်းစိုးက ဧရာဝတီကို ပြောသည်။
ပုသိမ်ထောင်အတွင်း ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေခဲ့သည့် အကျဉ်းသား ၄ ဦးမှာ ရန်ကုန်တိုင်းရှိ အင်းစိန်ထောင်၊ မွန်ပြည်နယ် မော်လမြိုင်ထောင်တို့မှ ပြောင်းရွှေ့လာသည့် လူသတ်မှုပြစ်ဒဏ်ကျ နှစ်ကြီးအကျဉ်းသားများဖြစ်ကြောင်း ဧရာဝတီတိုင်းအကျဉ်းဦးစီးဌာနထံမှ သိရသည်။
အဆိုပါ အကျဉ်းသားလေးဦးမှာ အချင်းချင်း စကားများရန်ဖြစ်နေစဉ် အကျဉ်းထောင်တိုက်တာဝန် လဲလှယ်ရန် ရောက်ရှိလာသည့် အကျဉ်းထောင် တာဝန်ကျ တပ်သား မျိုးမင်းအောင်နှင့် တိုက်တံခါး အနီး အတွင်းနှင့်အပြင် အချေအတင် စကားများခဲ့ပြီး ပိတ်ထားသော တိုက်တံခါးကို လူအင်အားနှင့် ရိုက်ချိုးဖျက်ဆီးကာ အပြင်သို့ ထွက်ခဲ့ကြောင်းသိရသည်။
ထို့နောက် ထောင်ဝန်ထမ်းတပ်သား မျိုးမင်းအောင်ကို အကျဉ်းသား ၄ ဦးက လိုက်လံရန်ရှာခဲ့ပြီး မိန်းဂျေးလ်သို့ သွားရောက်ကာ မိန်းဂျေးလ်တာဝန်ကျ ဒုတပ်ကြပ် အောင်ဝင်းထံမှ အိတ်ဆောင်သော့များ လုယူရန် ကြိုးပမ်းခဲ့သဖြင့် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက ထောင်ဝန်ထမ်းများဖြင့် ဝိုင်းဝန်းထိန်းသိမ်းခဲ့ရကြောင်း ပုသိမ်နယ်မြေရဲစခန်းမှ သိရသည်။
“အကျဉ်းဦးစီးဌာနက ကျနော်တို့ စခန်းမှာ အကျဉ်းသား ၄ ဦးကို လာရောက် အမှုဖွင့်ထားပါတယ်။ အမှုဖွင့်ထားပြီးဖြစ်လို့ တရားလိုဖြစ်တဲ့ အကျဉ်းဦးစီးဌာနနဲ့ တရားခံ အကျဉ်းသားတွေကို စစ်ဆေးချက် ရယူဖို့ လုပ်ဆောင်နေပါတယ်။ တရားခံတွေကတော့ ထောင်ကျတွေဖြစ်နေလို့ အကျဉ်းထောင်ဝန်း ထဲမှာ သွားရောက်စစ်ဆေးရမှာပါ”ဟု ပုသိမ်နယ်မြေရဲစခန်းမှူး ရဲအုပ်သိန်းဇော်ဦးကပြောသည်။
ပုသိမ်ထောင်အတွင်း၌ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားစေခဲ့သည့် အကျဉ်းသား သန်းဦး (ခ) မောင်ဦး (ခ) သဲမောင်နှင့် အကျဉ်းသား ကောင်းမြတ်သူ (ခ) ကိုဇေ၊ အကျဉ်းသား ဇင်ဖြိုးအောင်၊ အကျဉ်းသား ဇော်ဇော် (ခ) ဖိုးဇော်တို့ကို အကျဉ်းဦးစီးဌာနက တရားလိုပြုလုပ်ကာ ပုသိမ်နယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်ဖြစ်စေမှု)၊ ပုဒ်မ ၁၄၈ (သေစေ လောက်သော လက်နက်ကိုင်စွဲလျှက် ရုန်းရင်းဆန်ခတ်ဖြစ်စေမှု)၊ ပုဒ်မ ၁၅၂ (ရုန်းရင်းဆန်ခတ်မှုကို နှိမ်နင်းသော ပြည်သူ့ဝန်ထမ်းကို လက်ရောက်ကျူးလွန်မှု၊ ဟန့်တားမှု) တို့ဖြင့် အမှုဖွင့် တရားစွဲဆို ထားကြောင်း သိရသည်။