သက်ငယ်မုဒိမ်း ကျူးလွန်သူကို ထောင်ဒဏ် တသက်အထိ ပြစ်ဒဏ် ချမှတ်နိုင်ရန် အတွက် ယခင်ရှိပြီးသား ကလေးသူငယ် ဥပဒေ ကို ပြန်လည် ပြင်ဆင်နေသည်ဟု သိရှိရသည်။
အဆိုပါ ဥပဒေ ပြင်ဆင်မှုနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်း အဝေး တွင် ပြောကြားခြင်း ဖြစ်သည်။
၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေတွင် သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ ပြစ်မှုနှင့်ပြစ်ဒဏ် သီးခြားဖော်ပြထားခြင်း မရှိခဲ့ဘဲ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အရသာ ပြစ်ဒဏ် ချမှတ် ဆောင်ရွက်လျက် ရှိသည့်အတွက် ယခုကဲ့သို့ ပြင်ဆင်ရခြင်း ဖြစ် ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ဒေါက်တာ ဝင်းမြတ်အေးက“အခု ပြင်ဆင်လျက်ရှိတဲ့ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေအခန်း ၂၈၊ ပုဒ်မ ၁၃၈ မှာ မည်သူမဆို ကလေးသူငယ်အား မုဒိမ်းမှုကျူးလွန်သူကို အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တသက် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြင်ဆင်ထားပါတယ်”ဟု ပြောဆိုသည်။
ဆက်လက်၍ ၎င်းက ယခုပြင်ဆင်ချက်များ အပေါ်တွင် သဘောထား အကြံပြုနိုင်ရေးအတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံး သို့ ပေးပို့ထားရာ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှလည်း သက်ငယ်မုဒိမ်း ပြစ်မှုပြစ်ဒဏ်အား အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ပြန်လည်အကြောင်းပြန်ထားသည်ဟု ပြောသည်။
ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် သက်ငယ်မုဒိမ်း ကျူးလွန်သူများကို သေဒဏ်အထိ ချမှတ်ပေးရန် ပြင်ဆင်ရေးဆွဲ ထားသည့် ကလေးသူငယ် ဥပဒေ မူကြမ်းအား လွှတ်တော်တွင် ဆေးနွေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က တင်သွင်းခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ပေ။
အဆို တင်သွင်းခဲ့သူ ဦးသိန်းညွန့်က “ကလေးသူငယ်တွေရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာတွေကို ဖျက်ဆီးလိုက်တာ၊ အမှန်က ကလေးတွေကို သေဒဏ်ပေးလိုက်တာပဲ။ အနာဂတ်ကို ဖျက်ဆီးလိုက်တဲ့ သူတို့တွေ အတွက် ထိုက်တန်တဲ့ ဥပဒေကို သေဒဏ် အဖြစ် ကျနော်တို့ သတ်မှတ်ရပါမယ်”ဟု ပြောဆိုခဲ့သည်။
လက်ရှိတွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရန် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတချို့တွင် လှုပ်ရှား များ ပြုလုပ်လျက်ရှိပြီး လူမှုကွန်ရက် စာမျက်နှာများ ပေါ်တွင်လည်း သေဒဏ်ပေးရန် တောင်းဆိုမှုများ ရှိနေသည်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများတွင် အိမ်နီးနားချင်း၊ အိမ်ကို ဝင်ထွက်သွားလာသည့် ဆွေမျိုးရင်းခြာများက ပြုကျင့်သည် က များပြီး တချို့ သက်ငယ်မုဒိမ်းမှုများတွင် အဖေအရင်းများက ပြုကျင့်သည်ကို တွေ့ရကြောင်း၊ ပြစ်မှု ကျူးလွန်သူကို ကြီး လေးသည့် ပြစ်ဒဏ် ချမှတ်ရုံသာမက ကျူးလွန်ခံရသူများ၏ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ များကိုလည်း ကုသပေးရန် လိုအပ်ကြောင်း အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်ပြီး အခမဲ့ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ပြောသည်။
ဆက်လက်၍ ၎င်းက သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်ပြီး ပြစ်မှုဆိုင်ရာဥပဒေ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ နှစ် ၂၀ (တသက်တကျွန်း)ဖြစ်စေ ချနိုင်သည်ဟု ပြဋ္ဌာန်း ထားသော်လည်း လက်ရှိအချိန်အထိ သက်ငယ် မုဒိမ်းမှု များတွင် ထောင်ဒဏ် ၁၀ နှစ်သာ အများဆုံး ချထားသည်ကို တွေ့ရသည်ဟုလည်း ပြောဆိုသည်။
ဒေါ်လှလှရီက“သက်ငယ်ပိုင်းနဲ့ မသန်စွမ်း မုဒိမ်းမှုတွေက ပိုများတယ်။ ကလေးတွေ ဖြစ်တဲ့အတွက် ချည်းကပ်ရတာ လွယ် တယ်။ ကျမအနေနဲ့ ပြောရရင် ထိရောက်ဟန့်တားတဲ့ ရာဇသတ်ကြီးမှာ ပြဋ္ဌာန်းထားတဲ့ ထောင်ဒဏ်နှစ် ၂၀ အထိတော့ အပြည့်အဝ ချစေချင်တယ်”ဟု ပြောသည်။
ကလေးသူငယ်များနှင့် ပတ်သက်၍ ကျူးလွန်သည့် အမှုများတွင် မုဒိမ်းမှုသည် အများဆုံးဖြစ်ပြီး လူသတ်မှုသည် ဒုတိယ အများဆုံးဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန စာရင်းဇယားများကို ကိုးကား၍ ဒေါက်တာ ဝင်းမြတ်အေးက လွှတ်တော် တွင် ပြောကြားခဲ့သည်။
၂၀၁၄ မှ ၂၀၁၆ ခုနှစ် အောက်တိုဘာလအထိ သက်ငယ်မုဒိမ်း အမှုပေါင်း ၁၁၈၄ မှုရှိပြီး ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသက် အပိုင်းအခြားအရ ၂ နှစ်မှ ၅ နှစ်အတွင်း ၅၂ မှု၊ ၆ နှစ်မှ ၁၀ နှစ်အတွင်း ၁၇၉ မှု၊ ၁၁ နှစ်မှ ၁၃ နှစ်အတွင်း ၃၈၈ မှု၊ ၁၄ နှစ်မှ ၁၆ နှစ်အတွင်း ၅၆၅ မှု တို့ဖြစ်ပွားခဲ့ကြောင်း၊ ကျူးလွန်သူများသည် ဖခင်အရင်း တော်စပ်သူ ၅၄ မှု၊ ပထွေး တော်စပ် သူ ၆၂ မှု၊ ဆွေမျိုး တော်စပ်သူ ၉၃ မှု၊ သူစိမ်း ၉၇၅ မှု တို့ဖြစ်ကြောင်း အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မြသောင်း ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။