သတင်း

M 150 ဖောက်ခွဲရေးအမှု မရှင်းလင်းသေးသောကြောင့် သံသယများ ဖြစ်နေ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း အစိုးရရုံးဝင်းအတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့်ပတ်သက်၍ သံသယရှိသူ ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးမှု ပြုလုပ်နေသည်ဟု သိရသော်လည်း မည်သူမည်ဝါဖြစ်သည်ကို ပြည်သူလူထုသို့ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသောကြောင့် ရန်ကုန်မြို့တွင် ပြီးခဲ့သော ရက်ပိုင်းများအတွင်း ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး ပြည်သူလူထုအကြား သို့လော သို့လော ဖြစ်နေစေသည်။

နိုဝင်ဘာ ၂၅ ရက်ညက အစိုးရရုံးဝင်းအတွင်းရှိ တိုင်းလဝကဦးစီးရုံးနှင့် ဦးစီး ၂ ရုံးတို့တွင် M 150 အချိုရည်ပုလင်း အသုံးပြု ကာ ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ရာ ယင်းညတွင်းချင်းပင် စုံစမ်းမှုများပြုလုပ်ကာ မသင်္ကာသူ အမျိုးသား ၃ ဦးကို ဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ရဲ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

တိုင်းအစိုးရရုံးအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် သံသယရှိသူကို ရဲတပ်ဖွဲ့က ညတွင်းချင်းဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံ ထားရသူများထဲကမှ တဦးသည် တာမွေမြို့နယ်တွင် နေထိုင်သူ ခင်မောင်ရွှေ (ခ) ရာကွတ်ဆိုသူဖြစ်ကြောင်း လူမှုကွန်ယက် စာမျက်နှာများနှင့် ပြည်တွင်းသတင်းမီဒီယာအချို့တွင် ဖော်ပြခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ် င/က ရပ်ကွက်၊ ဇာဝေယာလမ်း၊ အစ္စလာမ်ဓမ္မာရုံ အမှိုက်ပုံအတွင်းသို့ စွန့်ပစ်ထားသည့် M 150 တံဆိပ်ပါ ပုလင်းများ၊ ဓာတုဗေဒပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရေစာ အမှတ်တံဆိပ်ဖြင့် ဖော်ပြထားသည့် ဓာတ်ပုံများလည်း ပျံ့နှံ့လျက်ရှိသည်။

သို့သော်လည်း ယနေ့အချိန်ထိ ရဲတပ်ဖွဲ့ဘက်က မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုထုတ်ပြန်ကြေညာခြင်း မရှိပေ။

မြို့နယ်၊ ရန်ကုန်တိုင်းနှင့် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းရင်းမြစ် အသီးသီးသို့ ဧရာဝတီက မေးမြန်းရာ တရားဝင် ဖြေကြားရန် ရှောင်လွှဲနေပြီး အမည်မဖော်လိုသူ အရာရှိတဦးက “မသင်္ကာလို့ ခေါ်စစ်နေတာပါ။ အရင်ဖြစ်ထားတာတွေနဲ့ပါ ပါဝင်မှုရှိ၊ မရှိကို ကွင်းဆက်တွေလိုက်နေတုန်း၊ ဆောင်ရွက်နေဆဲမို့လို့ အမည်တို့ ဘာတို့ကတော့ သေချာမထုတ်ပြန်နိုင်သေးဘူး။ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေ၊ သတင်းတွေကိုတော့ ကျနော်တို့ဘက်က အတည်မပြုပေးနိုင်သေးပါဘူး”ဟုသာ ရှင်းပြသည်။

ဥပဒေကြောင်းအရ လူတဦးတယောက်ကို မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးမည်ဆိုပါက ၂၄ နာရီအတွင်းသာ ချုပ်နှောင်ထားနိုင်ပြီး ထို့နောက်တွင် ရမန် တပတ် သို့မဟုတ် ၁၄ ရက်စသည်ဖြင့် တရားသူကြီးလက်မှတ်ဖြင့် ချုပ်မိန့်ယူရမည်ဖြစ်သည်။

ထို့ကြောင့် နိုဝင်ဘာ ၂၈ ရက်နေ့က ဒဂုံမြို့နယ်တရားရုံးတွင် ရုံးထုတ် ရမန်ယူမည်ဟု သတင်း ထွက်ပေါ်ခဲ့သောကြောင့် ဧရာဝတီ ဓာတ်ပုံသတင်းထောက်အပါအဝင် သတင်းထောက်တချို့ သွားစောင့်ခဲ့သည်။ တနေကုန်သွားသော်လည်း သံသယ တရားခံများကို ရုံးထုတ်ခဲ့ခြင်း မရှိသောကြောင့် မေးမြန်းရာ ရဲတပ်သားတဦးက “မနေ့က ရုံးထုတ်သွားတယ်” ဟု မတင်မကျ ပြောခဲ့သည်။ ၎င်း ရည်ညွှန်းသည်မှာ တနင်္ဂနွေ ရုံးပိတ်ရက် ဖြစ်သောကြောင့် ပိုပြီး ရှုပ်ထွေးစေသည်။

မီဒီယာများနှင့် ဖေ့စ်ဘုတ် စာမျက်နှာထက်တွင် ပျံ့နှံ့နေသည့် သံသယတရားခံ ခင်မောင်ရွှေ (ခ) ရာကွက်ဆိုသူသည် အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီဝင်တဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲကာလက မင်္ဂလာတောင်ညွှန့်ကိုယ်စားပြု တိုင်းလွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဖြစ်ကြောင်း ကောလာဟလများလည်း ထွက်ပေါ်လျက်ရှိသည်။

အဆိုပါစွပ်စွဲချက်ကို အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ ဥက္ကဌ ဦးမြင့်ဝေနှင့် ပါတီဗဟိုကော်မတီဝင်ဟောင်း ဒေါက်တာလှမြင့်တို့ထံသို့ ဧရာဝတီက အတည်ပြုမေးမြန်းခဲ့ရာတွင် ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ခဲ့သည့် ဦးခင်မောင်ရွှေ ဆိုသူနှင့် အဆက်အသွယ်မရှိကြောင်း၊ ဦးခင်မောင်ရွှေ နေထိုင်သည့် လိပ်စာကိုလည်း မသိကြောင်း၊ အဖမ်းခံထားရခြင်းရှိ၊ မရှိကို အတည်မပြုနိုင်ကြောင်း တုံ့ပြန်ပြောဆိုသည်။

ထိုသို့ မရှင်းလင်းသည့် အခြေအနေတွင် ယင်းပေါက်ကွဲမှုများကို ရည်ညွှန်းပြီး မြန်မာနိုင်ငံသည် အထွေထွေအကျပ်အတည်း ကျရောက်နေပြီဖြစ်၍ ကာလုံအစည်းအဝေး ခေါ်ပေးရန် နိုင်ငံရေး ပါတီ ၁၃ ပါတီက တောင်းဆို ထုတ်ပြန်ခြင်းအား ထောက်ပြကာ အထက်မြန်မာပြည်ရှေ့နေကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “အခုအခြေအနေတွေက စဉ်းစားစရာရှိနေပြီ။ ရခိုင်မှာဖြစ်တယ်။ ရှမ်းပြည်မှာဖြစ်တယ်။ ရန်ကုန်မှာ ပေါက်ကွဲမှုတွေဖြစ်တယ်။ ကြံ့ဖွံ့ပါတီ နဲ့ အခြား ၁၃ ပါတီကလည်း ကာလုံခေါ်ပေးပါဆိုပြီး တောင်းဆိုလာတယ်။ တီဗွီမှာကလည်း သူ့ကျွန်မခံပြီဆိုတာက ပြနေသေးတယ်။ ဒါတွေဟာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး။ အမျိုးသားရေးအန္တရာယ်ပဲ။ သတိကြီးကြီးထားရမယ်”ဟု သုံးသပ်သည်။

ဆက်လက်၍ “တိုင်းပြည်ကို ချောက်ချားစေချင်တာ ဘယ်သူတွေလဲ။ အစိုးရက လူထုကို တပ်လှန့်ပြီး ပွင့်ပွင့်လင်းလင်း လုပ်ရမှာ။ ဒါတွေက ကြုံကြိုက်ပြီး တိုက်ဆိုင်နေတာတွေတော့ မဖြစ်နိုင်ဘူး။ ပြည်သူတွေက ဆန္ဒမဲပေးပြီး ရွေးချယ်ထားတာကို မှားပါပြီဆိုပြီး ထင်စေချင်နေတဲ့သူတွေရှိနေတယ်”ဟု ဆိုသည်။

ရန်ကုန်မြို့တွင် ရန်ကင်း Ocean ဈေးဝယ်စင်တာတွင် ပေါက်ကွဲမှုတကြိမ်၊ နိုဝင်ဘာ ၂၀ ရက်က ဒေါပုံမြို့နယ်ရှိ Capital Hyper Market ရှိ နေရာ ၂ ခုတွင် ပေါက်ကွဲမှုများ၊ နိုဝင်ဘာ ၂၅ ရက်က တောင်ဒဂုံ လဝကရုံးတွင် ပေါက်ကွဲမှုများနှင့် အစိုးရရုံးဝင်းအတွင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုများတွင် အဓိကအသုံးပြုသည့်အရာမှာ M 150 အချိုရည်ပုလင်းကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ မရှိခဲ့ပေ။

နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းတွင်လည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း M-150 ပုလင်းများ မသင်္ကာဖွယ် တွေ့ရသောကြောင့် လုံခြုံရေးတပ်ဖွဲ့က ရှင်းလင်းစစ်ဆေးရာ “ဓာတုပစ္စည်းများမပါဝင်ဘဲ အဆီတမျိုးနှင့် ဖော်စပ်ထာသည့် တိုင်းရင်းဆေး”ဟု ယူဆရသော အဝါရောင်အပျစ် လိမ်းဆေး အရည်များသာဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

(မေစစ်ပိုင်နှင့် ထွန်းထွန်းတို့ ပူးပေါင်းရေးသား သတင်းပို့သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading