စင်ကာပူနိုင်ငံ၏ စီးပွားရေးကို နှစ်၂၀ ကာလအတွင်း ကျော်တက်နိုင်ရန် နှင့် စင်ကာပူနိုင်ငံကလည်း လက်တွဲ ကူညီ လိမ့်မည်ဟု မြန်မာနိုင်ငံက မျှော်လင့်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံသို့ ၃ ရက်ကြာ အလည်အပတ်ရောက် ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က IE Singapore’s Global Conversations တွင် မိန့်ခွန်း ပြောကြားရာ၌ ကွယ်လွန်သူ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ၏ စကားကို လည်း ပြန်လည်ကောက်နုတ် ကိုးကားခဲ့သည်။
“စင်ကာပူနိုင်ငံ လွတ်လပ်ရေး စတင်ရရှိတဲ့ အချိန်မှာ ဝန်ကြီးချုပ် လီကွမ်ယူက စင်ကာပူနိုင်ငံက မြန်မာနိုင်ငံကို နှစ် ၂၀ အတွင်း အမီလိုက်ရမယ်လို့ ပြောခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒီစကားကို ပြောင်းလဲရတော့မယ်လို့ ကျမ ထင်ပါတယ်။ နှစ်ပေါင်း ၂၀ အတွင်းမှာ မြန်မာနိုင်ငံက စင်ကာပူကို ကျော်တက် ရပါမယ်။ ဒီလို လုပ်ဖို့ အတွက် စင်ကာပူကလည်း ကျမတို့ကို ကူညီပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒေသတွင်း တနေရာမှာ အောင်မြင်တာက ဒေသတခုလုံး ရဲ့ အောင်မြင်မှုဖြစ်လို့ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း စင်ကာပူ သတင်းဌာန Channel NewsAsia က ရေးသားဖော်ပြသည်။
မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် နှင့် သဘာဝ သယံဇာတများက စင်ကာပူ ကုမ္ပဏီများကို ဆွဲဆောင် လိမ့်မည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံက ပညာသင်ကြားရေး စနစ်တွင် အသက်မွေးဝမ်းကျောင်းပညာလေ့ကျင့်သင်ကြားရေးကို အဓိက ကျောရိုး အဖြစ် ထားရှိခဲ့ကြောင်း နှင့် ထိုသို့ပြုလုပ်ခြင်းက ဘာသာရပ်ဆိုင်ရာ ပညာရှင်များ မွေးထုတ်သည့် အစီအစဉ်ကဲ့သို့ပင် အရေးကြီးသည်ဟု သူက ယူဆကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
ဝင်ငွေခွန်စည်းကြပ်မှုလျှော့ပေါ့ပေးခြင်း နှင့် မြေယာ အသုံးချမှုကဲ့သို့ နေရာများတွင် အပြောင်းအလဲများ စတင်ပြုလုပ်ထား သည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ကိုလည်း သူက နမူနာထုတ်ပြခဲ့ပါသည်။ ယခင် မြန်မာနိုင်ငံသားများ ရင်းနှီး မြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကို ပေါင်းစပ်ထားသည့် ဥပဒေသစ်က ၂၀၁၇ ဧပြီလတွင် စတင် အသက်ဝင်လာမည်ဟု မျှော်လင့်ရပါသည်။
စင်ကာပူ စီးပွားရေးလုပ်ငန်းများက မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ရန် မျှော် လင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးအနက်ပြောကြားခဲ့သည်။ အလုပ်အကိုင်များဖန်တီးပေးခြင်းက မြန်မာအစိုးရ၏ စီးပွားရေးမူဝါဒတွင် အရေးအကြီးဆုံး အပိုင်းဖြစ်သည်ဟုလည်း ဆိုသည်။
“စင်ကာပူနိုင်ငံက စီးပွားရေးလုပ်လို့ကောင်းတဲ့ နိုင်ငံတခုပါ။ စင်ကာပူ ဆီနေ ကျမတို့သင်ယူချင်ပါတယ်။ ကျမတို့က ကျမတို့ ရဲ့ ပြည်သူတွေကို ဆန်းသစ်တီထွင်သူတွေ၊ ကောင်းမွန်မှန်ကန်စွာ ယှဉ်ပြိုင်တတ်သူတွေ ဖြစ်စေချင်ပါတယ်” ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း Channel NewsAsia က ဖော်ပြသည်။
ဆွေးနွေးပွဲတွင် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီး Lim Hng Kiang က မြန်မာနှင့် စင်ကာပူ တို့ သည် စီးပွားရေးအရ အပြန်အလှန်ဆက်ဆံမှု အင်အားကောင်းစွာဖြင့် ကာလကြာရှည်စွာ ရှိခဲ့သည့် နိုင်ငံများ ဖြစ်ကြောင်းနှင့် အဆိုပါ ဆက်ဆံရေးများ တိုးတက်လာမည့် အလားအလာလည်း များစွာရှိနေကြောင်း ပြောကြားခဲ့သည်။
“ဒီနေ့ မတည်ငြိမ် မရေရာတဲ့ ကမ္ဘာ့ အခြေအနေကြားထဲမှာ မြန်မာနိုင်ငံက အရှေ့တောင်အာရှက တောက်ပပြီး အလား အလာကောင်းတဲ့ နေရာတခု ဖြစ်ပါတယ်” ဟု စင်ကာပူ ကုန်သွယ်ရေး ဝန်ကြီးက ပြောဆိုကြောင်း Channel NewsAsia က ဖော်ပြသည်။
ဝန်ကြီး Lim Hng Kiang က မြန်မာ အစိုးရသည် အာဏာလက်ခံရယူခဲ့သည့် မတ်လမှ စ၍ တိုင်းပြည် စီးပွားရေးအခြေ အနေ တိုးတက်ကောင်းမွန်ရေးအတွက် ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့သည်ဟု မှတ်ချက်ပြုခဲ့သည်။ အစိုးရ၏ စီးပွား ရေး ဆိုင်ရာ မူဝါဒ ၁၂ချက်ကို ထုတ်ပြန်ခဲ့ခြင်း နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်ရေးဆွဲခြင်းများ အပါအဝင် အားထုတ်မှုများ ပြုလုပ်နိုင်ခဲ့သည်ဟုလည်း သူက ပြောသည်။
“စီးပွားရေးလုပ်ငန်းတွေက ဒီဥပဒေတွေ အတည်ပြုနိုင်မှုနဲ့ အကောင်အထည် ဖော်မှုကို စောင့်ကြည်နေပါတယ်” ဟု စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီး Lim Hng Kiang က ဆိုသည်။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံက စင်ကာပူ၏ ၂၈ ခုမြောက် အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်ဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှု တန်ဘိုး စင်ကာပူဒေါ်လာ ၃.၅၇ ဘီလီယံ ရှိခဲ့သည်။ မြန်မာနိုင်ငံ အတွက် မူ စင်ကာပူက တတိယမြောက် အကြီးဆုံး ကုန် သွယ်ရေး မိတ်ဖက်ဖြစ်သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ကုန် အထိကာလတွင် စင်ကာပူနိုင်ငံက မြန်မာနိုင်ငံတွင် ဒု တိယမြောက် အများဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅.၆ ဘီလီယံ ရှိခဲ့သည်။ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလီယံဖြင့် ပထမနေရာတွင် ရှိနေပါသည်။