နေပြည်တော် အခြေစိုက် News Watch သတင်းထောက်တဦးဖြစ်သူ ဦးမောင်မောင်ထွန်း ကလောင်အမည် (ထွန်း/နေပြည်တော်)ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ပျဉ်းမနားမြို့နယ် ရဲစခန်းက ယမန်နေ့ညပိုင်းက ဖမ်းဆီးလိုက်ပြီးနောက် ယနေ့ ညနေ ၃ နာရီခန့်က ပျဉ်းမနားမြို့နယ် တရားရုံးတွင် ရုံးထုတ် ရမန်ယူခဲ့ကြောင်း သိရသည်။
နေပြည်တော် News Watch ဂျာနယ် သတင်းထောက် ဦးမောင်မောင်ထွန်းက ကြေးမုံသတင်းစာတွင် ရေးသားခဲ့သည့် ဦးဇော်မင်းအောင်ကို ရည်ညွှန်း၍ ကိုယ်ပိုင်ဖေ့ဘုတ်စ် စာမျက်နှာတွင်လည်း လိမ်တယ်၊ ညာတယ် သတင်းစာရဲ့ စာမျက်နှာထက်တက်ပြီး ညာတဲ့သူ စသည့် စာသားများ ရေးသားခဲ့ရာ အရေးယူပေးရန် ဦးဇော်မင်းအောင်ဆိုသူက သြဂုတ်လ ၁၇ ရက်နေ့တွင် ပျဉ်းမနားမြို့နယ် ရဲစခန်းသို့ တိုင်ကြားလာသဖြင့် အမှုလက်ခံထားခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ သတင်းထောက် ဦးမောင်မောင်ထွန်းက သြဂုတ်လ ၉ ရက်နေ့ထုတ် Tomorrow ဂျာနယ်တွင် “အပြင်မှာသာမက နိုင်ငံပိုင် သတင်းစာရဲ့ စာမျက်နှာပေါ်တက်ပြီး လိမ်လည်ဝံ့သူ” ခေါင်းစဉ်ဖြင့် ဇူလိုင်လ ၃၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည့် “နေပြည်တော် မြို့မဈေးကြီး ရက် ၁၀၀ အတွင်း စည်းကမ်းတကျ ဆောင်ရွက်ထားမှုများအား တစေ့တဆောင် လေ့လာတင်ပြခြင်း” ဟု ဦးဇော်မင်းအောင် ရေးသားခဲ့သည့် အင်တာဗျူးကို ရည်ညွှန်း၍ အယ်ဒီတာ့ထံ ပေးစာပုံစံ ပြန်လည် ရေးသားခဲ့သည်။
ပျဉ်းမနားမြို့နယ် ရဲစခန်းမှ စခန်းမှူး ရဲမှူးတင်ဌေးက “အမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အမှုစစ်က ဦးမောင်မောင်ထွန်းကို ရဲစခန်းမှာ လာအစစ်ခံဖို့ ခေါ်တယ်။ သူက မလာဘူး။ လိုက်ဆက်သွယ်တော့လည်း အဆင်မပြေဘူး။ အဲဒီအချိန်မှာ တရားလိုဘက်က သူဘယ်မှာ ရှိနေတယ်။ မဖမ်းသေးဘူးလားဆိုတော့ ရဲမှာက ဥပဒေအရ ဖမ်းဆီးပိုင်ခွင့်က ရှိတယ်။ အာမခံကလည်း ပေးလို့မရဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ရေးသားမှုကြောင့် ဦးဇော်မင်းအောင်ဆိုသူက ဖုန်းဆက်၍ ဆဲဆိုကာ သတ်မည်ဟု ပြောခဲ့ကြောင်း၊ ၎င်းကို အမှတ် ၁ ရဲစခန်းတွင် ခြိမ်းခြောက်မှု၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)တို့ဖြင့် ပြန်လည် အမှုဖွင့်ခဲ့ရာ ပ နံပါတ် ထွက်ခဲ့သော်လည်း ယနေ့အချိန်ထိ အရေးယူခြင်း မရှိသေးကြောင်း သိရသည်။
“သတင်းစာမှာ ပါလာတဲ့ အချက်တွေက အကုန်အလွဲကြီးပဲဆိုတော့ လွဲတယ်ဆိုတဲ့ အကြောင်းကို ဆောင်းပါးတပုဒ် ရေးပြီးတော့ Tomorrow ကို ပို့လိုက်တယ်။ ပို့လိုက်တော့ ဂျာနယ်က မြို့မထွန်းဆိုတဲ့ နာမည်တဲ့ ၉ ရက် ၈ လ ၂၀၁၆ ရက်စွဲနဲ့ စာမျက်နှာ ၁၇ မှာ ပါလာတယ်။ ပါလာပြီးတော့ ချက်ချင်း ဖုန်းဆက်ပြီးတော့ ဇော်မင်းအောင်ဆိုတဲ့သူက ဆဲတယ်။ မင်းကို သတ်မယ်၊ ဘာညာဆိုပြီး ပြောတယ်”ဟု ရဲစခန်းတွင် အဖမ်းခံထားရသူ ဦးမောင်မောင်ထွန်းက မီဒီယာများသို့ ပြောသည်။
မြို့မဈေးရှိ ဈေးသူဈေးသား တချို့က သတင်းထောက် ဦးမောင်မောင်ထွန်းသည် ၎င်းတို့ဘက်မှ အမှန်အတိုင်း ပြန်လည် ရေးသားပေးခဲ့သဖြင့် ယခု အမှုကိစ္စတွင် သက်သေ ထွက်ဆိုခြင်း၊ ရှေ့နေငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဟု ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က နေပြည်တော် ဗူးကွဲ ဝန်ထမ်း အိမ်ရာမှာ နေတာ။ ည ၉ နာရီကျော်တော့ ရဲနဲ့ ရပ်ကွက် လူကြီးတွေ ရောက်လာပြီး ၆၆(ဃ)နဲ့ ခင်ဗျားကို လာခေါ်တာလို့ ပြောသွားတယ်။ အဖေက ဆီးချို ရှိတယ်။ ကျန်းမာရေးကလည်း မကောင်းဘူး။ ဖုန်းကိုတော့ ရဲက ယူထားတယ်။ ကျန်တဲ့သူပစ္စည်းတွေ အကုန်ပြန်ပေးတယ်”ဟု ကိုပြည့်ဖြိုးက ပြောသည်။
ဦးမောင်မောင်ထွန်းကို လာမည့် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ပျဉ်းမနားမြို့နယ် တရားရုံးတွင် ထပ်မံရုံးထုတ်မည် ဖြစ်ပြီး ကျန်းမာရေး မကောင်းကြောင်း ဆေးစာ တင်ပြနိုင်ပါက တရားသူကြီးအနေဖြင့် အာမခံ ပေးနိုင်ကြောင်း၊ တရားသူကြီး၏ အဆုံးအဖြတ်ပေါ်တွင် မူတည်ကြောင်း ပျဉ်းမနား ရဲစခန်းက ပြောသည်။