ဒေါ်အောင်ဆန်းစုကြည်အား လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာပေါ်တွင် ပုတ်ခတ်ရေးသားသည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသူ မစန္ဒီမြင့်အောင်အား ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်း၊ ပဲခူးမြို့ အမှတ် ၂ ရဲစခန်းက နိုဝင်ဘာ ၂၉ ရက်နေ့ညနေပိုင်းတွင် ဖမ်းဆီးခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် ရုံးထုတ် ရမန်ရယူခဲ့ကြောင်း ရဲစခန်းက ပြောသည်။
အမှုစစ် ဒုရဲအုပ် သန်းထွန်းက “CID ကနေ ဓာတ်ပုံတွေ၊ အကောင့်တွေက မှန်တယ်လို့ပြန်ကြားလာတယ်၊ ဥပဒေဘက်ကလဲ တရားစွဲဆိုသင့်တယ်လို့ပြောလာလို့ ဖမ်းခဲ့တာပါ” ဟု ဧရာဝတီသို့ပြောသည်။
မစန္ဒီမြင့်အောင် အား ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရိုင်းဆိုင်းစွာပြောဆို သည်ဟုဆိုကာ ပဲခူးမြို့တွင်နေထိုင်သူ မလင်းလဲ့လဲ့လှိုင်က တရားလိုပြုလုပ်ကာ အောက်တိုဘာ ၂၈ ရက် နေ့က ပဲခူးမြို့အမှတ် ၂ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားမှုအပေါ် ရဲစခန်းမှ သက်သေအချက်အလက်များအား မှုခင်းတပ်ဖွဲ့ CID ထံသို့ပေးပို့စစ်ဆေးခဲ့ပြီး CID အဖွဲ့၏ ပြန်ကြားချက်အရ အမှုစွဲဆိုနိုင်ရန် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြမည်ဖြစ် ကြောင်း သိရသည်။
ထိုအအမှုနှင့်ပတ်သက်၍ အမှုဖွင့်ပြီး ၁ လအကြာတွင်မှဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၆၆(ဃ) မှာ ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့် အတွက် ရဲတပ်ဖွဲ့အနေဖြင့်လည်း ၎င်းပုဒ်မနှင့်ပတ်သက်၍ ကိုင်တွယ်ရာတွင် ခက်ခဲမှုများရှိကြောင်း ဒုရဲအုပ် သန်းထွန်းက ပြောသည်။
လက်ရှိတွင် မစန္ဒီမြင့်အောင်အား ပဲခူးအမှတ် ၂ ရဲစခန်းတွင် ဖမ်းဆီးထားပြီး အမှုအား ဆက်လက်စစ်ဆေးရန် ဒီဇင်ဘာ ၇ ရက်ကိုရုံးချိန်းထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။
အဖမ်းခံထားရသူ မစန္ဒီမြင့်အောင်မှာ ပဲခူးတက္ကသိုလ်တွင် ပထဝီ ဘာသာရပ်ဖြင့် ပထမနှစ်စာမေးပွဲဖြေဆို ထားသူဖြစ်သည်။