ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်း အနေနှင့် မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနသို့ မော်တော်ယာဉ်များ ဆက်လက် လှူဒါန်းမှုကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း နီပွန် ဖောင်ဒေးရှင်း ၏ တာဝန်ရှိသူ တဦး ဖြစ်သော ဒုတိယ ရုံးအုပ်ကြီး Umemura Takehiro က ပြောသည်။
ရန်ကုန်မြို့ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံဝန်းထဲရှိ အသုံးမပြုရသေးသည့် ကားများအကုန်လုံး အသုံးပြုနိုင်ချိန် အထိ ရပ်ဆိုင်းထားမည် ဖြစ်သည်ဟု ဆိုသည်။
နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံဝန်းထဲရှိ နီပွန်ဖောင်ဒေးရှင်းမှ လှူဒါန်းထားသည့် ရာဂဏန်း ဝန်းကျင် ရှိသော လူနာတင် ယာဉ် အပါအဝင် ဆေးရုံသုံး ဆလွန်းကားများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနက အီးမေးလ်ဖြင့် ဆက်သွယ် မေးမြန်းချက်ကို ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
“လက်ရှိ ရောက်ရှိနေတဲ့ ကားတွေအားလုံး တာဝန် ထမ်းဆောင်နိုင်တဲ့ အချိန်အထိ နိပွန်ဖောင်ဒေးရှင်းက နောက်ထပ် ယာဉ်တွေ လှူဒါန်းဖို့ အစီအစဉ် မရှိသေးပါဘူး”ဟု ဒုတိယ ရုံးအုပ်ကြီး Umemura Takehiro က ဆိုသည်။
၎င်း၏ ဖြေကြားချက်များအရ နီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်တွင် လှူဒါန်းမှုများ စတင်ခဲ့ကြောင်း၊ နီပွန် ဖောင်ဒေးရှင်း၏ လှူဒါန်းမှုနှင့် တချို့ကားများ၏ ပြင်ဆင်မှု ကုန်ကျစရိတ်ကို ကျခံပေးခြင်းရှိကြောင်းလည်း သိရ သည်။
သို့သော် နား၊ နှာခေါင်းနှင့် လည်ချောင်း ဆေးရုံဝင်းထဲရှိ ကားများ ပြင်ဆင်မှုနှင့်ပတ်သက်ပြီး နီပွန် ဖောင်ဒေးရှင်းမှ ပြင်ဆင်စရိတ် ငွေကြေး ထောက်ပံ့နိုင်ရန် အတွက် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင် နေကြောင်း ဒုတိယ ရုံးအုပ်ကြီး Umemura Takehiro က ပြောသည်။
“နိပွန်ဖောင်ဒေးရှင်းက ဒီယာဉ်တွေကို လူနာတင်ယာဉ်တွေနဲ့ ကျန်းမာရေး လုပ်ငန်းသုံး ယာဉ်တွေ အဖြစ် ပြင်ဆင် ပြောင်းလဲဖို့ ငွေကြေးထောက်ပံ့ပေမယ့် ကျန်းမာရေး ဝန်ကြီးဌာနကတော့ သူတို့ တတ်နိုင်တဲ့ ကိုယ်ပိုင် ဘတ်ဂျက် အတွင်းကပဲ ဆောင်ရွက်ဖို့ ဆန္ဒရှိနေပါတယ်။ နောက်ထပ် ကျနော်တို့ နားလည်ထားတာကတော့ ဒီကားတွေ အားလုံး ကို အလျင်အမြန် ပြင်ဆင်ဖို့အတွက် ရန်ကုန်က ဝပ်ရှော့တွေမှာလည်း စွမ်းဆောင်ရည် အကန့်အသတ် ရှိနေပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။
လက်ရှိတွင် နီပွန်ဖောင်ဒေးရှင်းအနေနှင့် ဂျပန်နိုင်ငံမှ ဝန်ဆောင်မှု သက်တမ်းကုန်ဆုံးသွားသည့် မော်တော်ယာဉ် များကို မြန်မာနိုင်ငံရှိ အစိုးရဆေးရုံ၊ မြို့နယ် ဆေးရုံများတွင် လူနာတင်ယာဉ်နှင့် ဆေးရုံသုံးယာဉ်အဖြစ် အသုံးပြုရန် ကားအစီး ရေ ၁၃၉ စီးကို လှူဒါန်းထားကြောင်း ယင်းတို့ထဲတွင် ၄၂ စီးသည် ပြင်ဆင်ပြီးစီးပြီ ဖြစ်ပြီး နား၊ နှာခေါင်းနှင့် လည် ချောင်း ဆေးရုံဝန်းထဲတွင် ပြင်ဆင်ရန် အစီးရေ ၉၇ စီး ကျန်ရှိနေသေးကြောင်း နီပွန်ဖောင်ဒေးရှင်းက ပြောကြား ခဲ့ သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဖေ့စ်ဘုတ် စာမျက်နှာများတွင် မြန်မာတနိုင်ငံလုံးရှိ အစိုးရဆေးရုံများတွင် အသုံးပြုနိုင်ရန် နီပွန် ဖောင်ဒေးရှင်းက လှူဒါန်းထားသည့် ကား အစီး ၁၀၀ နီးပါးရှိ ကားများကို ရန်ကုန်မြို့ရှိ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံဝန်းထဲတွင် အသုံးပြုခြင်း မရှိဘဲ အချိန်ကြာမြင့်စွာ ရှိနေကြောင်း ရေညှိတက်နေသည့် ကားများ တန်းစီ ထား သော ဓာတ်ပုံများ ပျံ့နှံ့နေသည်။
မည်သည့်အချိန်ကတည်းက ရောက်ရှိနေခြင်း မသိရသည့် နီပွန်စတေကာ ကပ်ထားသည့် ကားများ၏ ပုံပန်း သဏ္ဍာန်မှာ ရေညှိများ တင်ယုံတင်မကဘဲ တချို့ကားဘော်ဒီများသည် သံချေးများ တက်နေသည်ကို တွေ့ရှိရကြောင်း ဧရာဝတီ သတင်းဌာန က မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။
ဆေးရုံဝန်းထဲတွင် အချိန်ကြာမြင့်စွာ ရှိနေသည့် ယာဉ်များနှင့် ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ စီမံဘဏ္ဍာဌာနကို ဆက်သွယ်မေးမြန်းရာတွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြဝဏ္ဏစိုးက ကားများ ပြင်ဆင် မှုနှင့် ပတ်သက်ပြီး ပြင်ဆင်စရိတ် တောင်းခံသွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
“ကျနော်တို့ရဲ့ ပြင်ဆင်မှုတွေက ဘတ်ဂျက်နဲ့ သွားရမှာဆိုတော့ ဘဏ္ဍာရေး ခွင့်ပြုချက်ရှိမှ ကျနော်တု့ိက သုံးရမှာ ငွေကလဲ အဲဒီအခါမှ ရှိမှာကိုး။ မော်တော်ယာဉ် ပြင်ဆင်စရိတ်တွေကို တင်ပြတောင်းခံပြီးတော့မှ အဲဒါတွေကို ပြင်ဆင် မှာ ဖြစ်ပါတယ်”ဟု ဒေါက်တာ မြဝဏ္ဏစိုး က ဆိုသည်။
ယင်းကားများသည် ပါမစ်နှင့် လှူဒါန်းခွင့် ဆိုင်ရာတွင် ကြန့်ကြာသွားခြင်း ဖြစ်ကြောင်း၊ ဆိပ်ကမ်းတွင်လည်း တနှစ်ခန့် ကြာသွားကြောင်း၊ ၎င်းတို့ဆီ ရောက်ရှိလာသည်မှာ ၆လ ခန့်သာ ရှိသေးကြောင်းလည်း ဒေါက်တာ မြဝဏ္ဏစိုးက ပြော ဆိုသည်။
အဆိုပါကားများ ပြင်ဆင်ပြီးလျှင် မြန်မာနိုင်ငံအတွင်းရှိ လိုအပ်နေသည့် ဆေးရုံ တထောင်ကျော် အတွက် ဖြည့်ဆည်း အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။