သတင်း

လူတိုင်း လက်ဖက်ရည်တခွက် လျှော့သောက်သင့်ဟု ဝန်ကြီးဒေါက်တာအောင်သူဆို

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်မည့် “မျှဝေခြင်း အစီအစဉ်” ကို အကောင်အထည်ဖော်နိုင်ရန် လူတိုင်း လက်ဖက်ရည်တခွက် လျှော့သောက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ယနေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ပြောသည်။

“လူတချို့နဲ့ တိုင်ပင်နေပါတယ်။ လပိုင်းအတွင်းမှာ အကောင်အထည်ဖော်ဖို့ ရှိတယ်။ အဲဒါကတော့ မျှဝေခြင်း အစီအစဉ်ပါ။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ဟာ လုံလောက်မှု မရှိဘူး။ ဒါပေမယ့် လူတယောက်ဟာ လဖက်ရည်တခွက် လျှော့သောက်ခြင်းအားဖြင့် မိမိလျှော့သောက်လိုက်တဲ့ လဖက်ရည်ဖိုးတခွက်ကို ထည့်လိုက်ခြင်းအားဖြင့် မျှဝေပေးမယ်ဆိုရင် ပိုက်ဆံရှိတဲ့သူက လုပ်မယ်ဆိုရင် ဒါက ကျနော့်ဝန်ကြီးဌာနကနေ စတင်ပြီး အကောင်အထည်ဖော်မှာ ဖြစ်တယ်” ဟု ဝန်ကြီးဒေါက်တာအောင်သူက ပြောသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မောက်မယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းက မောက်မယ်မြို့နယ် စဥ့်ပင်ကျေးရွာပိုင် စေတီဖြူရွာ နမ်းယွန်းချောင်းကူး သစ်သားတံတားကြီး ပြန်လည်ပြုပြင် ဆောက်လုပ်နိုင်ရေးအတွက် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ဆိုသည့် မေးခွန်းအပေါ် ဝန်ကြီးက ပြန်လည်ဖြေကြားစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အစိုးရက ဘတ်ဂျက်စိုက်ထုတ် မသုံးစွဲနိုင်သည့် နေရာများတွင် မိမိတို့ အစီအစဉ်ဖြင့် စိုက်ထုတ်သုံးစွဲနိုင်မည့် “လူတယောက် လဖက်ရည်တခွက် လျှော့သောက်ခြင်းအားဖြင့်” ဆိုသည့် အစီအစဉ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ဝန်ထမ်းများက ရေးဆွဲနေကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ် တချို့၊ ပြင်ပပုဂ္ဂိုလ်များနှင့် တိုင်ပင်၍ နိုင်ငံတော်က မတတ်နိုင်သည့် ဘဏ္ဍာရေး အစီအစဉ်များကို ဝင်ရောက်ဆောင်ရွက်ပေးမည့် အစီအစဉ်များလည်း ရှိနေကြောင်း ဒေါက်တာအောင်သူက ဆက်ပြောသည်။

“ဆိုလိုတဲ့ အဓိပ္ပါယ်က ပိုက်ဆံကြွယ်ဝတဲ့သူတွေ ရှိတယ်။ ဖြစ်မှပြုပြင်မယ့်အစား မဖြစ်ခင်ကတည်းက ခုလို အခြေအနေမျိုးတွေကို ပြုပြင်ဖို့ရာအတွက် မိမိရဲ့ပိုလျှံတဲ့ ငွေတွေကို မိမိအတွက် မထောင်းသာတဲ့ ပိုက်ဆံနဲ့မျှဝေခြင်း အစီအစဉ်ကို ဆောင်ရွက်မှာ ဖြစ်တယ်။ ပထမဆုံး စတင်ဆောင်ရွက်မှာက ကျနော့်ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်မယ့် အစီအစဉ်တွေကို ရေးဆွဲပြီးပါပြီ။ တနိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဒီအစီအစဉ်ကိုသာ ဆောင်ရွက်နိုင်မယ်ဆိုရင် ငွေကြေးအရ နိုင်ငံတော်က မတတ်နိုင်တဲ့ နေရာတွေကို ကူညီဆောင်ရွက်ပေးသွားမယ်ဆိုတဲ့ အကြောင်းကို ဖြေကြားလိုပါတယ်” ဟု ဒေါက်တာ အောင်သူက ဆိုသည်။

Loading