တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် မြန်မာလုံခြုံရေးတပ်ဖွဲ့များကြား မှ တိုက်ပွဲများဆက်တိုက် ပေါ်ပေါက်ခဲ့ခြင်းကြောင့် ထောင်နှင့် ချီသောပြည်သူများ တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြရပြီးနောက်တွင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပြောကြားခဲ့သည်။
နိုဝင်ဘာလအတွင်း ပေါ်ပေါက်ခဲ့သည့် တိုက်ပွဲများက မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိပ်တန်း ရည်မှန်းချက်တခု ဖြစ်သော တိုင်းရင်းသားလူနည်းစုများနှင့် ငြိမ်းချမ်းရေးရရှိရေး အတွက် အဓိက ထိုးနှက်ချက်တခု ဖြစ် လာသည်။ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံ မြောက်ပိုင်းမှ ပဋိပက္ခများကြောင့် နယ်ခြားတဘက်တွင် ရှိသည့် ၎င်းတို့ ဘက်သို့ ထိခိုက်မှုများ ရှိလာမည်ကို စိုးရိမ်နေသည်။ ယမန်နှစ်က အလားတူဖြစ်ပွားခဲ့ရာတွင် တရုတ်နိုင်ငံသား ၅ ဦး သေ ဆုံးခဲ့ရသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက နိုဝင်ဘာလ ၂၉ ရက်နေ့၌ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံရာတွင် အခြေအနေ ပိုမိုဆိုးရွားလာခြင်းကြောင့် တရုတ်အစိုးရက စိုးရိမ်ပူပန်နေကြောင်း ပြောကြားခဲ့ပြီး စစ်ရေးအရ ဆောင်ရွက်မှုများကို အဆုံးသတ်ရန် နှင့် အငြင်းပွားမှုများကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် ထပ်မံတောင်းဆိုလိုက်သည်။
“တရုတ်-မြန်မာ နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ပူးပေါင်း ထိန်းသိမ်းနိုင်ဖို့ ၂ ဘက်လုံးက တရုတ်-မြန်မာ အဆင့်မြင့်သံတမန် ဆက်ဆံမှုနဲ့ စစ်တပ်ကို စနစ်တကျ အသုံးချသင့်ပါတယ်” ဟု ဝန်ကြီး ဝမ်ယီက ပြောကြားခဲ့ကြောင့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တခု တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှ ပဋိပက္ခများကြောင့် ရာနှင့်ချီသော ရိုဟင်ဂျာ မွတ်ဆလင်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးနေကြသည့် အတွက် မြန်မာအစိုးရ အကြပ်အတည်းဖြစ်နေသည့် အချိန်တွင် ရုတ်တရက် ဖြစ်ပေါ်လာသည့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ တိုက်ပွဲများက အမျိုသားပြန်လည်သင့်မြတ်ရေးကတိများဖြင့် ယမန်နှစ်ရွေးကောက်ပွဲတွင် အနိုင် ရရှိလာသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် အနောက်ထပ် စိန်ခေါ်မှု အသစ်တခု ဖြစ်လာ စေခဲ့သည်။
နယ်စပ်တလျှောက်တွင် လတ်တလော ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် ထောင်နှင့် ချီသော မြန်မာပြည်သူများ တရုတ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံကထောက်ခံ ကြောင်းနှင့် ကူညီရန် အသင့်ရှိနေကြောင်းလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက ထုတ်ဖော်ပြောကြားခဲ့သည် ဟု သိရသည်။
“မြန်မာနိုင်ငံရဲ့ ဆန္ဒနဲ့ အညီ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွတ်ဖက်ခြင်းမရှိတဲ့ အခြေအနေမျိုးနဲ့ တရုတ် နိုင်ငံက ဒီကိစ္စ (ငြိမ်းချမ်းရေး) နဲ့ ပတ်သက်လို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးနိုင်ဖို့ မျှော်လင့်နေပါ တယ်” ဟုလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက ပြောသည်။
ဒေါက်တာတင်မျိုးဝင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်းပြခဲ့ပြီး တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကို မြန်မာနိုင်ငံ က နားလည်ပါကြောင်း နှင့် အခြေအနေ ပိုမိုကောင်းမွန်လာရေးအတွက် တရုတ်နိုင်ငံ၏ ကူညီမှုကို ရရှိရန် မျှော်လင့်ထား ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Yang Yujun က မူ တရုတ်စစ်တပ်က နယ်စပ်တလျှောက်တွင် အင်အား ကောင်းကောင်းဖြင့် ကင်းလှည့်နေကြောင်းနှင့် နောင်ဖြစ်လာနိုင်သည့် ကိစ္စအားလုံးအတွက် ပြင်ဆင်မှုများ ပြု လုပ်နေကြောင်း သတင်းထောက်များကို ပြောကြားခဲ့သော်လည်း အသေးစိတ်ကို ပြောဆိုခဲ့ခြင်း မရှိပါ။