သတင်း

မြောက်ပိုင်းမဟာမိတ်နှင့် တပ်မတော်တို့အကြား တိုက်ပွဲဆက်ဖြစ်နေ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာပြည်မြောက်ပိုင်းတပ်ပေါင်းစု (Northern Alliance Burma) ကိုယ်စားလှယ်များနှင့် မြန်မာ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဒေါက်တာ တင်မျိုးဝင်းတို့ တွေ့ဆုံနေသည့် တပြိုင်နက်တည်း တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေလျှက်ရှိကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နိုဝင်ဘာလ တတိယပတ်က စတင်ဖြစ်ပွားခဲ့သော နှစ်ဘက်တိုက်ပွဲများမှာ ရန့်တန့်သွားခြင်းမရှိဘဲ ဒီဇင်ဘာ ၁ ရက်နေ့မနက်ပိုင်းတွင်လည်း မုံးကိုးမြို့နယ်တွင် တပ်မတော်က ဝေဟင်မှတဆင့် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း မြောက်ပိုင်းတပ်ပေါင်းစု ဘက်က ယနေ့ထုတ်ပြန်ထားသည်။

“ဝေဟင်မှဂျက်တိုက်လေယာဉ် ၂ စီးဖြင့်အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျှက်ရှိသည်။ ဗုံးဆံများမှာ ရွာအတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားများအားထိခိုက်ဒဏ်ရာရစေခဲ့သည်။ ကျည်ဆံများမှာလည်း တရုတ်နိုင်ငံအတွင်း ထပ်မံ ကျရောက် ခဲ့သည်” ဟု မြောက်ပိုင်းတပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ယမန်နေ့ကလည်း မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုရှိသော နေရာများကို တပ်မတော်က ဝေဟင်မှတဆင့် ဂျက်တိုက်လေယာဉ် များဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ရှိခဲ့ကြောင်း မဟာမိတ်တပ်ပေါင်းစုဘက်က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် မြောက်ပိုင်းတပ်ပေါင်းစု ကိုယ်စားလှယ်များ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တွေ့ဆုံနေကြောင်းလည်း သိရှိရသည်။ တရုတ်နိုင်ငံခြားရေးဝမ်ယီကလည်း မြန်မာ့ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် အကူအညီပေးမည်ဟုလည်း ကတိပြုထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ယခုလ ၂၀ ရက်နေ့ မနက်ပိုင်းက စပြီး မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု ဟု အမည်ပေးထားသော ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

မဟာမိတ်အင်အားစုက တပ်မတော်စခန်း၊ ရဲစခန်း အချို့နှင့် နယ်စပ်ကုန်သွယ်ရေးဇုန် တို့ကို ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့သလို တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင်ရှိသော တံတားအချို့ကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသဖြင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့နှင့် အပြစ်မဲ့ အရပ်သားများ သေဆုံးခဲ့ရသလို နှစ်နိုင်ငံ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း လည်း ပြတ်တောက်သွားခဲ့ရသည်။

KIA နှင့် TNLA တပ်ဖွဲ့များသည် နိုဝင်ဘာ ၃၀ ရက်နေ့က ကွတ်ခိုင်မြို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ၂၉ ရက်နေ့က လည်း မုံးကိုးမြို့ရှိ ကာကင်းစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကွတ်ခိုင် ပစ်ခတ် မှုတွင် ထိခိုက် ပျက်စီးမှုမရှိသော်လည်း မုံးကိုး တိုက်ခိုက်မှုတွင် တပ်မတော်မှ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ထို့အတူ KIA နှင့် TNLA အဖွဲ့များသည် မူဆယ်မြို့ ဆွမ်လုံကျေးရွာအနီးရှိ တံတားကို ဖောက်ခွဲဖျက်ဆီးပြီး တပ်မတော် ယာဉ်တန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ KIA အဖွဲ့သည် ကချင်ပြည်နယ် ကာမိုင်းမြို့နယ်ရှိ အွန်ဂထောင် ကျေးရွာအနီတွင် ယာဉ်သုံးစီးအား တစီးလျှင် ကျပ်တသိန်းနှုန်း ကောက်ခံမှုများရှိနေကြောင်း သတင်းထုတ်ပြန် ထားသည်။

မန်စီမြို့နယ်၊ မန်ဝိန်းကြီး ဒေသတွင် နှစ်ဖက်တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေ၍ စိုးရိမ်နေကြသည့် ဒေသခံကျေးရွာ ၁၈ ရွာမှ ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်လိုသော်လည်း ထွက်ပေါက်များ ပိတ်နေသဖြင့် စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပွားနေကြ ကြောင်း မန်စီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအေးမင်း က ပြောသည်။

“လူတွေ က တိုက်ပွဲကြောင့် ရှောင်မယ်ဆိုရင်တောင် ရှောင်ဖို့လမ်းမရှိဘူး။ တရုတ်ဘက်ကလည်း သူတို့နယ်စပ်မှာ တင့်ကားတွေ၊ စစ်အင်အားတွေ ဖြည့်ထားတာ ရှိတယ်။ နမ့်ခမ်းဘက်ကိုလည်း ကျနော်တို့ ပြေးသွားလို့မရဘူး။ လမ်းတွေလည်း ပိတ်ထားတယ် ဆိုတော့” ဟု ဦးစိုင်းအေးမင်း က ပြောသည်။

မန်ဝိန်းကြီးဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ ကျေးရွာများနှင့် ၂ မိုင်ခန့်သာကွာဝေးသဖြင့် ဒေသခံရွာသားများမှာ တောင်ယာ လုပ်ငန်းများကို သွားရောက်လုပ်ကိုင်နိုင်ခြင်းမရှိသကဲ့သို့ တရွာနှင့် တရွာ ကူးသန်းသွားလာရန်ပင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟုသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အတွင်းဖြစ်ပွားခဲ့သော တိုက်ခိုက်ခံရမှုများကြောင့် စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး ထိုအထဲတွင် အရပ်သား ၁၀ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးပါဝင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုများကြောင်း အရပ်သား ၃၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ သို့သော်လည်း တပ်မတော်နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ သေဆုံးစာရင်းကိုတော့ ထုတ်ပြန်ထားသည်ကို မတွေ့ရပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading