သတင်း

စစ်တွေအခြေစိုက် ရခိုင်၊ မွတ်စလင် ဒေသခံအချို့နှင့် ကိုဖီအာနန် တွေ့ဆုံ

ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်သည် ရခိုင်ပြည်နယ် စစ်တွေမြို့ခံ ရခိုင်နှင့် မွတ်စလင် အချို့ကို ရန်ကုန်မြို့ရှိ Center for Diversity & National Harmony (CDNH) ရုံးသို့ ခေါ်ယူပြီး ယနေ့နံနက်ပိုင်းက တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာ၌ ကိုဖီအာနန်က တက်ရောက်လာသူများ ကိုယ်စားပြု ရခိုင် ၃ ဦးနှင့် မွတ်စလင် ၃ ဦးစီတို့ကို သီးသန့်တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်ဟု ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ဧရာဝတီကို ပြောသည်။
“ ဒီနေ့တွေ့ဆုံတာမှာ ရခိုင်လူငယ်လေးတွေက မွတ်စလင်တွေကို သူတို့ ပြုပြင်စေချင် တာလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုကြတယ်။ စီးပွားရေးအရ ဆက်ဆံမှုတွေ ရှိပေမယ့် လူမှုရေးအရ ဆက်သွယ်မှု နည်းတယ်ပေါ့၊ မွတ်စလင်ဘက်ကတော့ ငြိမ်းချမ်းစွာ နေချင်တယ် ပြောခဲ့ကြတယ်” ဟု ဦအေးလွင်က ပြန်ပြောသည်။

ကိုဖီအာနန်သည် ယနေ့နံနက်ပိုင်းတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံး၌ နိုင်ငံတကာ သံတမန်အချို့နှင့် တွေ့ဆုံခဲ့ပြီး၊ ယနေ့ညနေပိုင်းတွင် ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီတချို့မှ ခေါင်ဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်က NRPC ရုံး၌ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး “ရခိုင်မှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးတဲ့အခါ မျှမျှတတ ရှိဖို့ပေါ့၊ တဖက်တည်းကိုပဲ ဦးစားပေးနေတာမျိုး မလုပ်ဖို့၊ နောက် အောက်ခြေရခိုင်လူထုရဲ့ ဆန္ဒတွေကိုလည်း ငဲ့ကြည့်ဖို့ တင်ပြပြောဆိုမှု ရှိခဲ့တယ်”ဟု ပြန်ပြောသည်။

ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်အဖွဲ့သည် ရခိုင်ပြည်နယ်သို့ ဒီဇင်ဘာ ၂ ရက်တွင် သွားရောက်မည်ဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် မောင်တော၊ ဘူးသီး တောင်မြို့နယ်နှင့့် မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်တို့ကိုလည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

Loading