စင်ကာပူ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူရောက် မြန်မာများက မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပွားသော သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်သည့် မေးခွန်း အပါအဝင် မေးခွန်း များ မေးမြန်းသွားရန် စီစဉ်ထားကြောင်း စုံစမ်းသိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံမှုကို စင်ကာပူနိုင်ငံ ဂျူယောင်းနယ်မြေရှိ Big Box ကုန်တိုက် အဆောက်အအုံ ၃ ထပ်တွင် တည်ရှိသည့် လူ ၆၀၀၀ ကျော် ဆန့် Megabox Convention Centre တွင် ယနေ့ည ၈ နာရီမှ ၉ နာရီအထိ တနာရီကြာ တွေ့ဆုံမည်ဖြစ်သည်ဟု တွေ့ဆုံပွဲ ဖြစ်မြောက်ရေး ကော်မတီ က ပြောသည်။
“အများဆုံး မေးထားတဲ့အထဲက အကြမ်းဖျင်း လေးခုလောက် ထုတ်ထားပါတယ်။ ပထမတခုက မြန်မာပြည်မှာ လက်ရှိ လူတွေ ဂရုစိုက်မိနေတဲ့ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး မေးထားပါတယ်။ အလည်အပတ်နဲ့ အလုပ်နဲ့သွားရတဲ့ပတ်စ်ပို့ ကိစ္စကိုလည်း မေးထားပါတယ်။ အလုပ်သမားတွေအနေနဲ့ ပတ်စ်ပို့ကိုင် သွားလာတဲ့အခါမှာ စိုးရိမ်မှုတွေ ရှိနေတယ် ဆိုတဲ့ မေးခွန်းလည်း ပါပါတယ်”ဟု ပွဲဖြစ်မြောက်ရေး ကော်မတီတွင် ပါဝင်သည့် Myanmar Club အဖွဲ့၏ ဥက္တဋ္ဌ ဒေါက်တာ မြတ်မော်ထွန်းက ဧရာဝတီကို ပြောပြသည်။
၎င်း၏ ပြောပြချက်အရ တတိယ အချက်အနေနှင့် မြန်မာပြည် မြောက်ပိုင်းတွင် ပြန်လည် ဖြစ်ပွားနေသည့် တိုက်ပွဲ များကြောင့် ပင်လုံဆွေးနွေးမှုအပေါ် ထိခိုက်မှု ရှိနိုင်မလားဆိုသည့် မေးမြန်းချက်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ၏ သိသာထင်ရှားသည့် ပြောင်းလဲမှု ဖြစ်လာရန် မည်သို့ ဆက် လက် ဆောင်ရွက်မည်လဲ ဆိုတဲ့ မေးမြန်းချက်များကိုလည်း အကြမ်းဖျင်း ထုတ်နုတ်ထားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာများ တွေ့ဆုံနိုင်ရန်အတွက် စင်ကာပူတွင်ရှိသည့် အဖွဲ့အစည်းပေါင်း ၆၀ ကျော်မှ အစည်းအဝေးများ ပြုလုပ်ကာ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တက်ရောက်မည့်သူများအတွက် တဦးလျှင် မှတ်ပုံတင်ကြေး စင်ကာပူဒေါ်လာ ၁၅ ဒေါ်လာ သတ်မှတ်ထားကြောင်းလည်း ဆိုသည်။
လက်မှတ်ရောင်းချမှုကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စတင်ရောင်းချခဲ့ပြီး တရက်တည်းနှင့် လက်မှတ်များ ကုန်သွား သဖြင့် နောက်ထပ် တက်ရောက်နိုင်ရန် လက်မှတ် ၁၇၀၀ ထပ်မံ ဖြည့်ဆည်း ရောင်းချထားကြောင်း သိရသည်။
ယနေ့ ည တွေ့ဆုံပွဲ အတွက် ညနေ ၃ နာရီကတည်းက တက်ရောက်မည့်သူများကို မှတ်ပုံတင်ခြင်းများ စတင် ဆောင် ရွက် နေပြီ ဖြစ်ကြောင်း မှတ်ပုံတင်ရာတွင်လည်း အွန်လိုင်း လက်မှတ်များ ရောင်းချရာတွင် အချက်အလက် ရှင်းလင်းမှု နည်းပါးခြင်းနှင့် ဝယ်ယူသူဘက်မှ နားလည်မှု အားနည်းခြင်းကြောင့် လက်မှတ်မရရှိခြင်း၊ လက်မှတ်များ ထပ်ခြင်းများ စသည့် အခက်အခဲတချို့ ရှိနေကြောင်း ပွဲတက်ရောက်မည့် သူများ၏ ဖေ့စ်ဘုတ်တွင် ရင်ဖွင့်ပြောကြားချက်များကို တွေ့ရှိ ရသည်။
ပွဲကျင်းပရေးနေရာတွင် လုပ်အားပေး ဆောင်ရွက်နေသူ မြန်မာ လူငယ် တဦးကလည်း“ကျနော် ဒီပွဲမှာ ကူညီပေးရတဲ့ အတွက် ပျော်တယ်။ အမေစုနဲ့ တွေ့ရမှာကို သိရလို့လည်း ရင်တွေ ခုန်နေတယ်။ ဒီမှာရှိနေရတာကို ကျေနပ်ပါတယ်” ဟု ပြောကြားသည်။
အစိုးရ တာဝန်ယူပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၃၀ ရက်တွင် စင်ကာပူနိုင်ငံသို့ ပထမဆုံး ခရီး စဉ် အဖြစ် သွားရောက်နေခြင်း ဖြစ်ပြီး ခရီးစဉ်အတွင်း စင်ကာပူ-မြန်မာ နှစ်နိုင်ငံကြား အသက်မွေး ပညာသင် ကျောင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာ ၃ နှစ် သက်တမ်းတိုးမြှင့်ရေး၊ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု စာချုပ် လက်မှတ် ရေးထိုး နိုင်ရေး အတွက် နှစ်ဘက်ညှိနှိုင်းဆောင်ရွက်မှုများ စတင်ရေး စသည့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများအတွက် စင်ကာပူ အစိုးရနှင့် တွေ့ဆုံနေခြင်း ဖြစ်သည်။
စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့် အနေနှင့် စင်ကာပူနိုင်ငံ Botanic Garden ရှိ National Orchid Garden တွင် စိုက်ပျိုးထားသည့် သစ်ခွတမျိုးကို “Papilionanda Aung San Suu Kyi” ဟု အမည် ပေးခဲ့ပြီး စင်ကာပူနိုင်ငံ၏ မဒမ်တူးဆော့ ဖယောင်းပြတိုက်တွင် ဒေါ်အောင်ဆန်းစုကြည် ပုံတူ ဖယောင်း ရုပ်တု ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။