သတင်း

ချင်းဒေသ နိုင်ငံခြားသား ခရီးသွားများအတွက် ဟိုတယ် ၁၀ လုံး ဆောက်ခွင့် ပေးမည်

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်ရေး အဆင်ပြေစေရန်နှင့် ဒေသတွင်း လူမှု စီးပွား တိုးတက်စေရန် ဟိုတယ် ၁၀ လုံး ဆောက်လုပ်ခွင့်ကို ယခုနှစ်အတွင်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း စည်ပင် သာယာ ရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဆလိုင်းအိုက်ဇက်ခင် က ပြောသည်။

ဟိုတယ်များ ဆောက်လုပ်ခွင့်ကို ချင်းပြည်နယ်၏ ပွင့်လင်းရာသီချိန်ဖြစ်သော ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ ခုနှစ် မေလအတွင်း သတ်မှတ်ထားကြောင်း သိရသည်။

“ဒီဇင်ဘာမှာ လုပ်ငန်းရှင်တွေက ခွင့်ပြုချက်တောင်းမှာ ဖြစ်တော့ တလ နှစ်လ ကြာမယ်။ စတင် ဆောက်လုပ်နိုင်မှာက ဖေဖော်ဝါရီလလောက်မှ စဆောက်နိုင်မှာ။ သူတို့ ဆောက်လုပ်ဖို့ ဖေဖော်ဝါရီကနေ မေလ အထိ လေးလလောက် အချိန် ရတယ်။ မိုးတွင်းမှာ အတွင်းပိုင်း ပြင်ဆင်တာ လုပ်ရမယ်။ မျှော်မှန်းတာက ဒီဟိုတယ်တွေက နောင်နှစ် ပွင့်လင်းရာသီမှာ စတင်လည်ပတ်နိုင်မှာပါ”ဟု ဝန်ကြီး ဦးဆလိုင်းအိုက်ဇက်ခင် က ပြောသည်။

ဟိုတယ် တည်ဆောက်ခွင့်ပြုမည့် နေရာများမှာ မင်းတပ်၊ ဖလမ်း၊ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါး မြို့နယ်များ ဖြစ်ပြီး လက်ရှိ ဟားခါးမြို့နယ်တွင် ဟိုတယ် ၃ လုံး စတင် ဆောက်လုပ်နေ ကြောင်း၊ ကျန်နေရာများ အတွက် ဒီဇင်ဘာလ အတွင်း ဆက်လက် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။

“လာရောက် လျှောက်ထားတဲ့ကုမ္ပဏီ ၁၈ ခုရှိက ဟိုတယ် အလုံးပေါင်း ၃၀ အတွက် လာလျှောက်ထားတယ်။ လျှောက် ထားတဲ့ အလုံး ၃၀ ထဲက ၁၀ လုံးကိုခွင့်ပြုမယ်။ ကုမ္ပဏီ ၁၈ ခုထဲက အနည်းဆုံး ၁၀ ခုလောက်ပဲ ရွေးမယ်”ဟု ဦးဆလိုင်းအိုက်ဇက်ခင် က ပြောသည်။
ယခုအချိန်တွင် ခွင့်ပြုပေးသည့် ကုမ္ပဏီများ၏ အမည်ကို ထုတ်ဖော် ပြောပြနိုင်ခြင်း မရှိသေးဟုလည်း ဆိုသည်။

ခွင့်ပြုချက်ချထားပေးရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန၏ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များကို လိုက်နာရမည်ဖြစ်ကြောင်း၊ ချင်းရိုးရာ ဓလေ့ထုံးစံနှင့်ညီသော ဗိသုကာပုံစံကို ဆောက်လုပ်ရမည်ဖြစ်ပြီး ခွင့်ပြုချက် ရထား ပြီးချိန်မှ ရက်ပေါင်း ၃၀ အတွင်း လုပ်ငန်းစတင် လုပ်ကိုင်နိုင်ရမည် ဖြစ်ကြောင်းလည်း ဦးဆလိုင်းအိုက်ဇက်ခင် က ပြော ဆိုသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဟိုတယ် ဆောက်လုပ်သူများကို အဆောက်အအုံ တည်ဆောက်ခွင့်သာ ပေးမည်ဖြစ်ပြီး ရက် ပေါင်း ၃၀ အတွင်း ဆောင်ရွက်နိုင်ခြင်း မရှိပါက နိုင်ငံတော်က ချထားပေးသည့် မြေနေရာကို ပြည်နယ်အစိုးရက ပြန်လည် သိမ်းယူမည်ဟု သိရသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသက်လွင်တိုးက “ချင်းပြည်နယ်တို့လိုဆိုတာက ပထမဆုံးလာတဲ့ ဧည့်သည်ကတော့ သွားမှာ မဟုတ်ဘူး။ ချင်းတို့ ကယားတို့ဆိုတာက ဒုတိယ လည်ပတ်တဲ့နေရာပါ။ ဝေးလံတဲ့ ဒေသ ဆိုတာ စရိတ်ကလည်း ကြီးပါတယ်”ဟု ပြောသည်။

ချင်းပြည်နယ်ခရီးစဉ်သို့ အဓိကထား လာရောက်ကြသူများမှာ တောတောင် သဘာဝ ရှုခင်းများနှင့် ရှားပါးငှက် မျိုးစိတ် များကို လေ့လာရန်အတွက် ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့ရှိ ဧည့်ရိပ်သာမှ တာဝန်ခံ မသန်းမြတ်စိုးက “တနှစ်နဲ့တနှစ်က မတူဘူး။ ခရီးသွားတွေ တိုးလာတယ်။ ဒေသခံတွေ အလုပ်ရတာပေါ့။ ဟိုတယ်တွေကို ထပ်ပြီးချထားပေးမယ်ဆိုရင် ကောင်းပါတယ် ဒါပေမယ့် ချင်းပြည်နယ်မှာက သစ်တော ထိန်းသိမ်းရေးကို အလေးထားပြီး လုပ်သွားရင် ပိုကောင်းပါတယ်”ဟု ပြောသည်။

ချင်းပြည်နယ်အတွင်း ထူးခြားမှုများဖြစ်သော ဖလမ်းမြို့တွင် ရိဒ်ရေကန်၊ မတူပီမြို့တွင် ဘုံတလာ ရေတံခွန်၊ မင်းတပ်တွင် ချင်း ရိုးရာ ပြတိုက်၊ ဝိတိုရိယ တောင်တက်ခြင်း နှင့် ပရဲထိုးသည့် ဓလေ့ထုံးစံများကို လေ့လာနိုင်ကြောင်း သိရသည်။

လက်ရှိ ချင်းပြည်နယ်အတွင်း တည်ဆောက်ထားသည့် ဟိုတယ်များမှာ မင်းတပ်တွင် ဟိုတယ် ၂ လုံး၊ ကန်ပက်လက်တွင် ဟိုတယ် ၅ လုံး စုစုပေါင်း ၇ လုံး ရှိသည်။

အစိုးရဟောင်း လက်ထက်တွင် ကန်ပက်လက်အတွင်း ဟိုတယ်ဇုန် တည်ဆောက်မည့် စီမံကိန်းကို အကောင်အထည်ဖော် ရန် လုပ်ဆောင်ခဲ့သော်လည်း ယခုအစိုးရသစ် လက်ထက်တွင် ဟိုတယ်ဇုန် တည်ဆောက်မည့် စီမံကိန်း မရှိတော့ကြောင်း သိရ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading