နိုင်ငံ၏ လုံခြုံရေး၊ ပြည်သူ၏ လုံခြုံရေး အတွက် နယ်စပ်လုံခြုံရေးကို ဘဏ္ဍာရေးပိုင်းရော အရည်အချင်းပိုင်းမှာပါ ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် သည်။
စင်ကာပူနိုင်ငံသို့ ၃ ရက်ကြာ ချစ်ကြည်ရေး ခရီးသွားရောက်နေသည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နှင့် စင်ကာပူရောက် မြန်မာအသိုင်းအဝိုင်းတို့ ဒီဇင်ဘာလ ၁ ရက်နေ့ ည ၈ နာရီက နေ ၉ နာရီ အထိ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် မြန်မာများထဲမှ နယ်စပ်လုံခြုံရေးနှင့် ပတ်သက်သည့် မေးမြန်းမှုကို ယခုကဲ့သို့ ဖြေကြားခြင်း ဖြစ်သည်။
“ကျမတို့ နယ်စပ်မှာ ခြံစည်းရိုးတွေ ခတ်ထားတာ ရှိတယ်။ သို့သော်လည်း ခြံစည်းရိုးတွေက မြင့်သင့်သလောက် မမြင့်တာ တွေ ရှိတယ်။ နောက်ပြီး ပိုပြီးတော့ မြင့်မယ်ဆိုရင် ငွေရေးကြေးရေး ကိစ္စ ဖြစ်လာပြီ။ ဒါပေမယ့် ကျမတို့ နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စ ဆိုရင်တော့ လိုအပ်တဲ့ငွေကို ကျမတို့ ရှာကို ရှာရမယ်။ မဟုတ်တာတွေနဲ့ ကျမတို့ ငွေမရှာဘူး။ နိုင်ငံရဲ့ လုံခြုံရေးအတွက် ပြည်သူ့ရဲ့ လုံခြုံရေးအတွက်တော့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေ လုပ်နိုင်အောင်လို့ ဘဏ္ဍာရေး ဘက် ကရော အရည်အချင်းဘက်ကရော ကျမတို့တတ်နိုင်သမျှ ဦးစားပေးပြီး လုပ်သွားမှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်း စုကြည် က ဖြေကြားခဲ့သည်။
နယ်စပ်လုံခြုံရေး ဆောင်ရွက်ရာတွင် တရားမဝင် နည်းလမ်းများနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ဆောင်နေခြင်းသည် လည်း နိုင်ငံအတွက် များစွာနစ်နာကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“နယ်စပ်လုံခြုံရေးအတွက် ဘာလုပ်နေသလဲလို့ မေးနေတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်ကိုက တရားမဝင် နယ်စပ်မှာ ကူးသန်း ရောင်းဝယ်ရေး လုပ်နေမယ်ဆိုရင်တော့ ဒါတော့ မမှန်ဘူးနော်။ လူတိုင်းလူတိုင်းဟာ ကိုယ့်အတွက်လည်း တာဝန်ယူပါ။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အားပေးပါ။ တရားမဝင်တဲ့ ကိစ္စတွေ မလုပ်ပါနဲ့၊ ဒါဟာ နိုင်ငံ နစ်နာစေပါတယ်။ အားလုံးက တော့ တရားမဝင်တဲ့ ကိစ္စတွေ မလုပ်ဘူးဆိုရင် ကျမတို့ နယ်စပ်လုံခြုံမှုက ၅၀ ရာခိုင်နှုန်း လုံခြုံသွားမှာပါ။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံအောင်တို့၊ ရှိသင့်ရှိထိုက်တဲ့ အဟန့်အတား ပစ္စည်းတွေ ရှိနေအောင်တော့ လုပ်ရ မှာက အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
စင်ကာပူရောက် မြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံမှုကို စင်ကာပူနိုင်ငံ ဂျူယောင်းနယ်မြေရှိ Big Box ကုန်တိုက် အဆောက် အအုံ ၃ ထပ်တွင် တည်ရှိသော လူ ၆၀၀၀ ကျော် ဆံ့ Megabox Convention Centre တွင် ၁ နာရီကြာ တွေ့ဆုံခဲ့ခြင်း ဖြစ် သည်။
တွေ့ဆုံပွဲတွင် လက်ရှိ ပြည်သူများကြား ဂရုပြုနေသည့် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်ပြီး အစိုးရအနေနှင့် မည်သို့ ဖြေရှင်း သွားမလဲဆိုသည့် မေးခွန်း မေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေအပိုင်းတွင် မက လူမှု အသိုင်းအဝိုင်း စသည့် အဘက်ဘက်ကနေ လေ့လာဆန်းစစ်ပြီး အဖြေရှာ၍ ဖြေရှင်းသွားမည်ဟု ဖြေကြားခဲ့သည်။
“လူမှု အသိုင်းအဝိုင်းမှာ ဘာအားနည်းချက်တွေ ရှိလဲ ဆိုတာကို ပြန်ပြီးတော့ ကြည့်ဖို့ လိုပါတယ်။ ဒါဟာ မိသားစု စနစ်နဲ့ ဆိုင်လား ကလေးတွေကို သေသေချာချာ မစောင့်ရှောက်တာနဲ့ ဆိုင်လား ပတ်ဝန်းကျင်က စိတ်ထားတွေ ကြမ်းတမ်း လာ တာ ဘာကြောင့်လဲ။ မူးယစ်ဆေးဝါးကြောင့် ဖြစ်တာလား။ လူငယ် ဗီဒီယိုတွေကြောင့် ဖြစ်တာလား ဆိုတဲ့ အကြောင်းရင်း ကို ရှာရပါမယ်။ ပြဿနာ တခုကို ဖြေရှင်းချင်လို့ ရှိရင် ဘာကြောင့် ဒီပြဿနာပေါ်လာရသလဲ ဆိုတာကို ရှာရမှာ ဖြစ်ပါ တယ်။ ဒါကို လူမှုရေး ဘက်ကနေ လေ့လာပါ့မယ်။ ဒါကို လေ့လာပြီးတော့ အဘက်ဘက်ကနေ ဘယ်လို ဖြေရှင်း သင့် သလဲ ဆိုတာကို ဆုံးဖြတ်ပါ့မယ်။ ဥပဒေတွေ ထုတ်ရုံနဲ့ မလုံလောက်ပါဘူး။ ဥပဒေအရ အရေးယူတာက တပိုင်းပါ။ ဒါနဲ့တင် မပြီးပါဘူး။ အမြစ်ကိုရှာပြီး အမြစ်ကနေ လှန်လိုက်ရမှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသည့် ှရှမ်းပြည်နယ် မြောက်ပိုင်းရှိ တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ထိခိုက်မှု မရှိနိုင်ဘူးလား ဆိုသည့် မေးမြန်းချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ဖြေကြားသည်။
“ဒီတိုက်ပွဲတွေက ကျမတို့နိုင်ငံမှာ ဖြစ်နေတာ ကြာလှပါပြီ။ အဲဒီတိုက်ပွဲ ဖြစ်တိုင်း ကြောက်နေရမယ်ဆိုလို့ရှိရင် ကျမတို့ အစကတည်း က ၂၁ ရာစု ပင်လုံကို လုပ်မှာ မဟုတ်ပါဘူး။ ကျမတို့အနေနဲ့ ဒီလို တိုက်ပွဲတွေ ဖြစ်လို့ကို ၂၁ ပင်လုံ လို ညီလာခံကြီး ဘယ်လောက် လိုအပ်သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ ထပ်ပြီး တော့ ကြိုးစားနေပါတယ်။ ပိုပြီးတော့ ကြိုးစားမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းဖြေကြားခဲ့သည်။
ထို့နောက် ငြိမ်းချမ်းရေးနှင့် ပတ်သက်လျှင် အဖွဲ့အစည်းတချို့သည် ငြိမ်းချမ်းရေး လိုလားမှုထက် သံသယ ဖြစ်ပွားမှုက ပိုမိုကြီးထွားနေသည့်အတွက် ငြိမ်းချမ်းရေး မယူရဲတာ ဖြစ်နိုင်ကြောင်းလည်း ဝေဖန်ထောက်ပြသည်။
“ငြိမ်းချမ်းရေးကို ရအောင် မယူလို့ရှိရင် စေတနာ နည်းနေလို့လား၊ ပညာ နည်းနေလို့လား၊ သတ္တိ နည်းနေလို့လား ဆိုတာ ကျမ တို့ မေးရမယ်။ ဒီတော့ စေတနာ နည်းနေလို့ ရှိရင် ကျမတို့ အနေနဲ့ စေတနာကို ပြပြီးတော့ စေတနာ ပွားအောင် လုပ် ရမယ်။ ပညာနည်း နေလို့ရှိရင် ပညာဆိုတာ ကျမ အတန်းပညာကို ပြောတာ မဟုတ်ပါဘူး။ ဆင်ခြင်တုံတရား ကိုယ့်ရဲ့ အသိုင်းအဝိုင်းအတွက်၊ ကိုယ့်ရဲ့ နိုင်ငံအတွက် ဘာလိုအပ်သလဲ။ ဘယ်က ကိုယ့် နိုင်ငံအတွက် ကောင်းသလဲ ဆိုတာ ပညာကို ပြန့်ပွားအောင်လို့ ကျမတို့ လုပ်ရမယ်။ သတ္တိနည်း နေတယ်ဆိုရင်တော့ ပြည်သူ ပြည်သားတွေက ဝိုင်းပြီးတော့ သတ္တိလေးတွေ ပို့ပေးကြပါလို့ ကျမ အနေနဲ့ မေတ္တာ ရပ်ခံပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ထို့နောက် တွေ့ဆုံပွဲတွင် စင်ကာပူရောက် မြန်မာနိုင်ငံသားများက လက်ရှိ အခက်အခဲ ကြုံတွေ့နေရသည့် ပတ်စ်ပို့ ကိစ္စ အပါအဝင် အစိုးရဝန်ထမ်းများ၏ လာဘ်စားမှု အခြေအနေ စသည့် မေးခွန်းပေါင်း ၁၀ ခုခန့် မေးမြန်းခဲ့ရာ အစိုးရဘက် က ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားသွားခဲ့သည်။