သတင်း

ကူမင်းက ဆွေးနွေးပွဲ မအောင်မြင်

ကြာသပတေးနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြားသွားပြီး ရှမ်းပြည်နယ် မြောက်ပိုင်း တွင် မြန်မာတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြားတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ အဆိုအရ သိရသည်။

ရက်သတ္တပတ် ၂ ပတ် ကြာမြင့်ခဲ့ပြီ ဖြစ်သော တိုက်ပွဲများနှင့် အဆုံးသတ်နိုင်ရေးနှင့် ပတ်သက်၍ မြောက်ပိုင်းမဟာမိတ် အဖွဲ့မှ ကိုယ်စားလှယ်များနှင့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) မှ တာဝန်ရှိသူများ တရုတ်နိုင်ငံတွင် ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း တွေ့ဆုံ မှု၏ အခြေခံပုံစံ နှင့် ပတ်သက်၍ ၂ ဘက်ကြားတွင် သဘောတူညီမှု မရခဲ့သည့် အတွက် ဆွေးနွေးပွဲများ ဖြစ်လာတော့ မည်မဟုတ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက ပြောသည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့မှ ညှိနှိုင်းသူတဦး ဖြစ်သည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ဗိုလ်မှူးကြီး တာဘုန်းကျော်က ကူမင်းသို့ သွားရောက်ခဲ့သော်လည်း အစည်းအဝေးပွဲ ပျက်ပြားသွားခဲ့သည်။

“ကျနော်တို့ ဘက်ကတော့ ကျနော်တို့ မြောက်ပိုင်းမဟာမိတ်တပ်မတော် အဖွဲ့ဝင် အားလုံးနဲ့အတူ NRCP ကို တဖွဲ့တည်း အနေနဲ့ တွေချင်တာပါ။ ဒါပေမယ့် သူတို့က သဘောမတူဘူး။ သူတို့က အဖွဲ့တိုင်းကို တဖွဲ့ချင်းစီပဲ တွေချင်တယ်” ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်က ဧရာဝတီသို့ ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှစ၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း ၄ ခုစုပေါင်းထားသည့် အဖွဲ့က မြောက်ပိုင်း မဟာ မိတ် အဖွဲ့အမည်ဖြင့် မြန်မာတပ်မတော်ကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည်။ အဆိုပါ မဟာမိတ်အဖွဲ့တွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရခိုင်တပ်မတော် (AA) နှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ပါဝင်သည်။ တိုက်ပွဲများ စတင်သည့် အချိန်မှစ၍ လူ ၁၄ ဦးသေဆုံးပြီး ဒဏ်ရာ ရရှိသူ ၅၀ ရှိသည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး မှ ထုတ်ပြန်ကျေညာခဲ့သည်။
ပြီးခဲ့သည့် ရက် အနည်းငယ် အတွင်းတွင် NRPC က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနကို ဆက်သွယ်၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စီစဉ်ပေးရန် မေတ္တာရပ်ခံခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မြောက်ပိုင်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်များကို ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းသို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။

“အခုတော့ ကျနော်တို့ နယ်မြေဆီကို ပြန်သွားပြီး ဒီစစ်ပွဲကို ထပ်တိုက်ကြတော့မယ်” ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆွေးနွေးပွဲများ အကောင်အထည် မပေါ်ခဲ့သည့် နောက်ပိုင်းတွင် ပြောသည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး ရရှိလိုပါက မြန်မာ့တပ်မတော် အနေဖြင့် တိုင်းရင်းသားဒေသများမှ ထိုးစစ်များ ကို ရပ်ဆိုင်းပေးရမည်ဟု သူက ထပ်ပြောသည်။
“ပဋိပက္ခကို အဆုံးသတ်ဖို့ ကျနော်တို့ တွေ့ဆုံဖို့ လိုပါတယ်။ တကယ်လို့ မှန်ကန်တဲ့ ဆွေးနွေးမှုသာ ရှိခဲ့ရင် ပဋိပက္ခကို ကျနော်တို့ ဖြေရှင်းနိုင်မှာပါ” ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

မြန်မာအစိုးရ၏ NRPC ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်းက ကူမင်းမြို့တွင် တရုတ်နိုင်ငံခြားရေး ဝန် ကြီးနှင့် တွေ့ဆုံ၍ တရုတ်-မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မှ ပဋိပက္ခနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။ ကူမင်းမြို့သို့ ရောက်ရှိခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စ၍ ဒေါက်တာတင်မျိုးဝင်းက ဝပြည် သွေးစည်းညီညွတ်ရေး တပ် မတော် (UWSA) မှ ကိုယ်စားလှယ်များ အပါအဝင် တွေ့ဆုံ ဆွေးနွေးမှု အများအပြား ပြုလုပ်ခဲ့သည်ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုပျက်ပြားသွားချိန်တွင် မူဆယ်မြို့နယ်မှ နယ်စပ်မြို့တခု ဖြစ်သည့် မုံးကိုး မြို့တွင် တိုက်ပွဲများ ဖြစ် ပွားခဲ့သည်။ တိုက်ပွဲအတွင်းတွင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့ကပြောသည်။

မုံးကိုးဒေသမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တိုက်ခိုက်ရာတွင် မြန်မာတပ်မတော်က လေကြောင်းတိုက်ခိုက်မှု များလည်း ပြုလုပ်ခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် စစ်ပွဲဆိုင်ရာ အခြေခံ ဥပဒေ တခုဖြစ်သည့် အချိုးအစား ညီမျှမှုနှင့် အညီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ရှိရာ စစ်ရေး ရည်မှန်းချက်များကိုသာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာ့တပ်မတော်က နိုင်ငံတကာ စံချိန်စံညွှန်းများပေါ်တွင် အခြေခံသည့် စစ်ပွဲဆိုင်ရာ ဥပဒေ များနှင့် အညီ လိုအပ်သော အင်အားကိုသာ ဆက်လက် အသုံးပြုသွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ကာကွယ် ရေးဝန်ကြီးဌာနက မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ရည်ညွှန်းရာတွင် “သောင်းကျန်းသူ” ဆိုသည့် စကားလုံးကို သုံးစွဲသွားခဲ့ သည်။

Loading