ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆင်နွဲနေသည့် မဟာမိတ်တပ်ပေါင်းစုအဖွဲ့များကို အကြမ်းဖက် အဖွဲ့များအဖြစ် ပြည်သူ့လွှတ်တော်မှ သတ်မှတ်သင့်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ပြောသည်။
အဆိုပါ မဟာမိတ်အဖွဲ့တွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရခိုင်တပ်မတော် (AA) နှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ပါဝင်သည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါက်တာ မောင်သင်းက ရှမ်းမြောက်ဒေသရှိ တိုက်ပွဲများကြောင့် ပြည်သူများ သေကြေခြင်း၊ ဒဏ်ရာ ရရှိခြင်းနှင့် အိုးအိမ် စွန့်ခွာ စစ်ပြေး ဒုက္ခသည်ဘဝရောက်ခြင်းနှင့် နိုင်ငံ၏ အချုပ်အခြား အာဏာတည်မြဲမှု၊ တရားဥပဒေ စိုးမိုးမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်ကြောင်း အရေးကြီးအဆိုတခုကို ဆွေးနွေးခဲ့သည်။
ထို့သို့ ဆွေးနွေးစဉ် အစိုးရအဖွဲ့ ကိုယ်စား ရောက်ရှိလာသည့် ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေတို့က အထက်ပါ လက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် စွပ်စွဲခဲ့ကြသည်။
အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃ တွင် အများပြည်သူ၏ လုံခြုံရေးကို ဖြစ်စေ၊ အသက်အိုးအိမ်ကို ဖြစ်စေ၊ အများပြည်သူ အတွက် သို့မဟုတ် တဦးတယောက်အတွက် အရေးကြီးသော အခြေခံ အဆောက်အဦများကို ဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အဦ ယာဉ်စက် ပစ္စည်းကိရိယာနှင့် အသုံးအဆောင် ပစ္စည်းများကို ဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများ ပါဝင်သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကလည်း လွှတ်တော်တွင် ပြောသည်။
မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များသည် လက်နက်ကိုင် နည်းလမ်းကို အပြီးတိုင် ချုပ်ငြိမ်းစေရန် ဆန္ဒပြုကြောင်းနှင့် ဒေသ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက် ရေး၊ လက်နက်ကိုင်ဆောင်မှု ထိန်းသိမ်းရေးဆိုင်ရာတို့ကို နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေး မည်ဖြစ် ကြောင်း သဘောထား ထုတ်ပြန်မည် ဆိုပါက NCA အရ ဆွေးနွေးမည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခွင့်ပြုမည် ဖြစ်ကြောင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှ အဆိုပြုခဲ့သော်လည်း ၎င်းတို့ လက်မခံခြင်းမှာ လက်နက်ကိုင် လမ်းစဉ်ကိုသာ ဆုတ်ကိုင်ထားလိုကြောင်း ယခု ဖြစ်စဉ်အရ အထင်အရှား တွေ့ရှိရသည်ဟု ကာကွယ်ရေး ဝန်ကြီးက ဆိုသည်။
“ပြည်ထောင်စု အစိုးရကိုလည်း နိုင်ငံရေး၊ စီးပွားရေး၊ အကျပ်အတည်း ဖြစ်စေရုံမျှမက အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေးပါ မပြေမလည် ဖြစ်အောင် ယခုကဲ့သို့ ဆောင်ရွက်လာခြင်းဟာ နိုင်ငံတော်ကို အကြပ်အတည်း ဖြစ်ပေါ်စေပြီး သူတို့တွေနဲ့ NCA လက်မှတ်မထိုးဘဲ လက်နက်ကိုလည်း မစွန့်ဘဲ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်ခွင့် ရရှိရေးကို အကျပ်ကိုင် တောင်းဆိုလာတဲ့သဘောမျိုး ဖြစ်နေပါတယ်”ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။
၎င်းတို့သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပျက်ပြားအောင် တမင် လုပ်ဆောင်နေသည်ဟု တပ်မတော်က စွပ်စွဲခဲ့သည်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်မှ ၃၀ ရက်အထိ အဆိုပါ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ တပ်မတော် စခန်းများ တိုက်ခိုက်ခံရမှု ၃၁ ကြိမ်၊ ချီတက်စဉ် တိုက်ခိုက်ခံရမှု အကြိမ် ၂၀၊ နယ်မြေရှင်းလင်းစဉ် တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၅၀၊ မိုင်းဖြင့် တိုက်ခိုက်ခံရမှု ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မ တော်သား အချို့ ကျဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိုကာလအတွင်း လမ်း၊ တံတား ဖျက်ဆီးခံရမှု ၇ ကြိမ်၊ လမ်းကြောင်း ပိတ်ဆို့မှု ၇ ကြိမ်၊ မြို့ရွာများ နှောင့်ယှက် ပစ်ခတ်ခံရမှု ၇ ကြိမ်၊ မြို့ရွာများမှာ မိုင်းထောင် ဖောက်ခွဲမှု ၇ ကြိမ်၊ အရပ်သားနှင့် ဝန်ထမ်းများ ဖမ်းဆီး သတ်ဖြတ်ခံမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အပစ်မဲ့ အရပ်သူ အရပ်သားများအနေနဲ့ အမျိုးသမီး ၃ ဦး အပါအဝင် ၁၀ ဦးသေဆုံးကာ အမျိုးသမီ ၁၁ ဦး အပါအဝင် ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
ထို့ကြောင့် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ လုံခြုံစိတ်ချမှု ရှိစေရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်၏ စီမံမှုဖြင့် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ဖြစ်သည့် ပန်းဆေး၊ ကောင်းခါး၊ မုန်းပေါ်၊ ဆင်ကျော့ တို့က တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက လွှတ်တော်တွင် ပြောသည်။
တိုက်ပွဲများကြောင့် မူဆယ်မြို့ပေါ်ရှိ ယာယီ ကယ်ဆယ်ရေးစခန်း ၅ ခုတွင် လူဦးရေ ၃၂၀၀ အထိ ရှိခဲ့ပြီး တရုတ်နိုင်ငံတွင်လည်း တိုက်ပွဲကြောင့် ပြည်သူ ၂ သောင်းအထိ ရှိနေကြောင်း ကြားသိနေရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။
တပ်မတော်ကမူ KIA ၊ MNDAA ၊ TNLA နဲ့ AA အဖွဲ့များဟာ အကြမ်းဖက်မှုကို ကျူးလွန်နေုခြင်းကြောင့် ယင်းအဖွဲ့များကို NGO များ၊ INGO များက လူသားချင်း စာနာ ထောက်ထားခြင်း ခေါင်းစဉ်နှင့် ထောက်ပံ့နေမှုများကိုလည်း ရပ်ဆိုင်းစေရန် လွှတ်တော်မှ တိုက်တွန်းသင့်ကြောင်း တင်ပြခဲ့သည်။
ယနေ့ လွှတ်တော်တွင် ပြောကြားခဲ့သည့် တပ်မတော်၏ သဘောထားကြောင့် ငြိမ်းချမ်းရေး အလှမ်းဝေးမည်ကို စိုးရိမ်ကြောင်း မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က လွှတ်တော်အပြီးတွင် မီဒီယာများသို့ ပြောသည်။
“အခုလို ပြောလိုက်တာက ဖိအားပေးတဲ့နည်းနဲ့ ထွက်ပေါက်ရှာတဲ့ လမ်းကြောင်းမျိုးလို့ ကျနော်တို့မြင်တယ်။ ရေရှည် ငြိမ်းချမ်းရေးရရင် ဆိုရင်တော့ တဦးနဲ့တဦး စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးနိုင်တဲ့ အနေအထားမျိုး ဖြစ်လာအောင် ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်က ရှေ့ဆက်သွားလို့ ရမယ်”ဟု ဦးစိုင်းသီဟကျော်က ပြောသည်။
သူကဆက်၍ “စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးလို့ရတဲ့ အနေအထားမျိုး ရအောင် မဖန်တီးဘူးဆိုရင် ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြီးဟာ အခက်အခဲတွေနဲ့အတူ တော်တော် စိုးရိမ်စရာ ကောင်းတဲ့ အနေအထားမျိုး ရောက်သွားမယ်”ဟု ဆိုသည်။