ရခိုင်ပြည်နယ်၊ မောင်တောဒေသ အဖြစ်အပျက်များနှင့်ပတ်သက်၍ ကွာလာလန်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြမှုများ ပြုလုပ် လျှက်ရှိရာတွင် မလိုလား အပ်သည့် ပြဿနာများမဖြစ်စေရေးအတွက် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံ သားများအနေဖြင့် အထူး ဂရုပြု သွားလာနေထိုင်ကြရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက ဒီဇင်ဘာ ၂ ရက်နေ့ ရက်စွဲ ဖြင့် သတိပေးကြေညာချက်ထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် လူမျိုးစုအရေးနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံတွင် အစိုးရ မဟုတ်သော မွတ်ဆလင် အဖွဲ့ အစည်း များမှ ဦးဆောင်၍ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရှုတ်ချပွဲတခု ပြုလုပ်ရန်ရှိပြီး ထိုပွဲကို မလေးရှားရောက် မြန်မာ မွတ်ဆလင်များ ပူးပေါင်းပါဝင်မှုပြုလုပ်ရန် လှုံ့ဆောင်မှုများ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာတွင် ပျံ့နှံ့လာပြီးနောက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လာခြင်းဖြစ်သည်။
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ပြောရေးဆိုခွင့်ရှိတဦးက “ပြီးခဲ့တဲ့ရက်ကလည်း သံရုံးရှေ့မှာ ဆန္ဒပြ တာတွေ လုပ်ခဲ့တယ်၊ နောက်ရက်လည်း သူတို့ဝန်ကြီးချုပ်ဦးဆောင်ပြီး ဆန္ဒပြကန့်ကွက်တာတွေ လုပ်မယ် လို့ သတင်းတွေရထားလို့ ကျနော်တို့နိုင်ငံသားတွေကို သတိထားပြီးသွားလာကြဖို့ သတိပေးတာပါ”ဟု ပြောသည်။
မြန်မာသံရုံးအနေဖြင့် မောင်တောဒေသ အဖြစ်အပျက်များနှင့်ပတ်သက်၍ ဆန္ဒပြမှုများအပေါ် ဘာသာရေး ပဋိပက္ခအသွင် ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်းနှင့် မလေးရှားနိုင်ငံနှင့်လည်း သံတမန်နည်းအရ ဆက်သွယ် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်အတွင်း မွတ်စလင်များအား သတ်ဖြတ်သည်ဟု ဆိုကာ ကန့်ကွက်မှုပြုလုပ်ခဲ့ပြီး မြန်မာ အစိုးရမှ လိုအပ်သော အရေးယူဆောင်ရွက်မှုများပြုလုပ်ပြီး ကိုင်တွယ်ဖြေရှင်းရန် တောင်ဆိုကြောင်း ကြေညာချက်ကို နိုဝင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။
ထိုစဉ်ပတ်သက်၍လည်း ဒီဇင်ဘာ ၄ ရက်နေ့တွင် မလေးရှားနိုင်ငံအတွင်း လူစုလူဝေးဖြင့် ကန့်ကွက် ရှုတ်ချပွဲတခု ပြုလုပ်မည်ဖြစ်ပြီး ယင်းစုဝေးပွဲကို တက္ကသိုလ်ကျောင်းသားများနှင့် အခြားအစိုးရမဟုတ် သော မွတ်စလင်အဖွဲ့ အစည်းများမှလည်း ပူးပေါင်းပါဝင်ကြရန် ဒုတိယ ဝန်ကြီးချုပ် Ahmad Zahid Hamidi က တိုက်တွန်းထားကြောင်း VOA သတင်းတရပ်တွင် ဖော်ပြထားသည်။