စံချိန် စံညွှန်းမပြည့်မီသည့် လမ်းများအတွက် တာဝန်ရှိကုမ္ပဏီများက အသစ် ပြန်ခင်းပေးရမည် ဖြစ်ကြောင်း သိရ သည်။
တန်ပိုယာဉ်များ စည်းကမ်းမဲ့ ဝင်ရောက်မှုကြောင့် ပျက်စီးခဲ့သော ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်ရှိ ပီလခေတ် – ဝဲကြီး လမ်းပိုင်းအား ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကုမ္ပဏီကို တာဝန်ပေးပြီး ၂၀၁၆ ခုနှစ် မေလ ၅ ရက်နေ့မှ ၃၀ ရက်နေ့ အထိ ပေပေါင်း ၄၇၅၀ ကို ပြန်လည် ပြုပြင်ခိုင်းခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။
အသေးစား လမ်း၊ တံတားများ တည်ဆောက် ပြုပြင်ခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန လက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လုပ်ပိုင်ခွင့်ရှိပြီး အကြီးစား လမ်းတံတားများ တည် ဆောက်ပြုပြင်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အထူးအဖွဲ့များ ဖွဲ့စည်း၍ ပြင်ဆင်လေ့ ရှိကြောင်း သိရသည်။
ဒီဇင်ဘာ ၁ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ ဆောက်လုပ်ထားသော လမ်းတံတားများ အချိန်တိုအတွင်း ပျက်စီးနေပါသဖြင့် တာဝန်ယူ ဆောက်လုပ်ခဲ့သော ကုမ္ပဏီများအား ပြန်လည် ပြုပြင်စေခြင်း၊ တာဝန်ယူဆောင်ရွက်ခြင်း မရှိပါက တရားစွဲဆိုခြင်း နှင့် နာမည်ပျက် စာရင်း သွင်းခြင်း ပြုလုပ်ရန် အစီအစဉ် ရှိ မရှိ မေးခွန်းကို ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက မေးမြန်းခဲ့သည်။
“ပီလခေတ် – ဝဲကြီးလမ်းပိုင်း တချို့နေရာတွေက ဘုရားဂေါပက အဖွဲ့က ခင်းတဲ့ လမ်းပိုင်း ရှိပါတယ်။ လုံးဝ မပျက်စီး ပါဘူး။ ဒါပေမယ့် ကုမ္ပဏီတွေက ခင်းတဲ့ လမ်းပိုင်းတွေကတော့ ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့အတွက် ဘယ်သူတွေ တာဝန်ယူမလဲ ဆိုတာ သိချင်လို့ မေးမြန်းရခြင်း ဖြစ်ပါတယ်”ဟု ဒေါ်အေးမြမြမျိုး က ပြောသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် တင်ဒါအောင်မြင်သည့် မြန်မာနိုင်ငံတဝန်းရှိ လမ်း၊ တံတား ဆောက်လုပ်ရေး ကုမ္ပဏီများ အနေဖြင့် သတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း မဆောင်ရွက်ခြင်း၊ စည်းမျဉ်း စည်း ကမ်းများ လိုက်နာမှု မရှိပါက တည်ဆောက်ရေးလုပ်ငန်းများတွင် တင်ဒါ ဆွဲဝယ်ခွင့် ပိတ်သိမ်းခြင်း၊ အမည်ပျက်စာရင်း တင်သွင်းထားခြင်းနှင့် တရားစွဲဆိုခြင်းများ ပြုလုပ်သွားမည်ဟု ဝန်ကြီး ဒေါက်တာ အောင်သူက ပြန်လည် ဖြေကြားခဲ့ သည်။
ကျောက်တန်းမြို့နယ် ပီလခေတ် – ဝဲကြီး လမ်းပိုင်းသည် ယခင်က ယဉ်အစီး ၃၀ ခန့်သာ ဖြတ်သန်းသွားကြ သော် လည်း မှော်ဝန်း တံတား တည်ဆောက်ပြီးချိန်မှ စ၍ ကုန်စည် စီးဆင်းမှု ပိုမိုကောင်းမွန်လာပြီး လူစီး မော်တော်ယာဉ် များ အပြင် ၁၀ တန် အထက် ကုန်တင်ကားကြီးများ၊ ဒိုင်နာများ၊ ထော်လာဂျီများ တနေ့လျှင် အစီး ၃၀၀ ခန့် ဖြတ်သန်း သွားလာသဖြင့်လည်း အချိန်တိုအတွင်း ပျက်စီးခဲ့ရကြောင်း သိရသည်။
ထိုသို့ လမ်းပျက်စီးမှု မရှိစေရန် လမ်းခံနိုင်ဝန်ပြ ဆိုင်းဘုတ်များ၊ ယာဉ်ကြီး ကန့်သတ်သည့် ဂိုးတိုင်တန်းများ တပ်ဆင် ထားသော်လည်း စည်းကမ်းမဲ့ ယာဉ်ကြီးများက အကြိမ်ကြိမ် ဝင်တိုက်ခြင်း၊ ဖျက်ဆီးခံရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ခွင့်ပြု ခံနိုင်ဝန်ထက် အဆမတန် ကျော်လွန်သော တန်ပိုယာဉ်များ စည်းကမ်းမဲ့ ဖြတ်သန်းသွားလာနေခြင်း တို့ကြောင့်လည်း အချိန်တိုအတွင်း ပျက်စီးရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ထို့အပြင် လမ်း၊ တံတားများ ပုံမှန် ပြင်ဆင် ထိန်းသိမ်းနိုင်ရန် အတွက် ရန်ပုံငွေ တင်ပြတောင်းခံပြီး လမ်း၊ တံတားများ ပုံမှန်ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီက ဆောင်ရွက်သော တည်ဆောက်ရေး လုပ်ငန်းများသည် သဘာဝ ဘေးကြောင့် လည်းကောင်း၊ တန်ပို ယာဉ်များကြောင့် လည်းကောင်း ပျက်စီးရခြင်းများမှ လွဲ၍ အာမခံကာလ ၂ နှစ် အတွင်း ပျက်စီးပါက အဆိုပါကုမ္ပဏီမှ တာဝန်ယူ ပြုပြင်ပေးရမည်ဖြစ်ကြောင်း စာချုပ် ချုပ်ဆိုရာတွင် ထည့်သွင်း ချုပ်ဆိုထားပြီး ဖြစ်ကြောင်း သိရသည်။
“စည်းကမ်းမဲ့ တန်ပိုယာဉ်များ ဖြတ်သန်းသွားလာမှုအား သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနဲ့ ညှိနှိုင်းပြီး အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။
တည်ဆောက်ရေး ကုမ္ပဏီ၏ အားနည်းမှုကြောင့် စာချုပ်သက်တမ်း မပြည့်မီ ပျက်စီးခဲ့ရသည့် ကျေးလက် လမ်း၊ တံတားများအား တင်ဒါရရှိခဲ့သည့် ကုမ္ပဏီများကို တာဝန်ယူစေပြီး တိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနမှ ကြီးကြပ်ညွှန်ကြား၍ ပြင်ဆင် ထိန်းသိမ်း ပေးလျက်ရှိကြောင်းလည်း သိရသည်။
ဒေါ်အေးမြမြမျိုးက “ကျမရဲ့ မဲဆန္ဒနယ် အပါအဝင် ကျေးလက်ဒေသတွေမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနက ခင်းတဲ့ လမ်း တံတားတွေဟာ ဆောက်လုပ်ပြီး မကြာခင်မှာ ပျက်စီးသွားတာကို တွေ့ရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေးတဲ့အခါ ပြင်ဆင်ပေးမယ်ပြောပြီး ပြင်တဲ့အခါ သက်ဆိုင်ရာ ကုမ္ပဏီကို တာဝန်ယူစေတာ မဟုတ်ဘဲနဲ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေကို ထပ်မံတောင်းခံပြီး ပြင်ဆင်နေတာကို တွေ့ရပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။
ယခုအခါ ဒေသဆိုင်ရာ လမ်း၊ တံတားများ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်သည့်အတွက် ၂၀၁၇ – ၁၈ ခု ဘဏ္ဍာ ရေးနှစ်မှစ၍ ကျေးလက်လမ်း၊ တံတားများ ရေရှည် တည်တံ့စေရန် အသစ်ရေးဆွဲထားသော ကျေးလက် လမ်း၊ တံတား Design နှင့် Specification များအား ဒေသဆိုင်ရာ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ သို့ တင်ပြအတည်ပြုချက် ရယူပြီးဖြစ်၍ လျာထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။
“ကုမ္ပဏီတွေနဲ့ ဝန်ကြီးဌာနကလည်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ဆောင်ရွက်ရမှာ ဖြစ်သလို ပြည်သူတွေ ဘက်ကလည်း Aware ness လို့ခေါ်တဲ့ လိုက်နာ ထိန်းသိမ်းသင့်တဲ့ မဖြတ်သန်းသင့်တဲ့ နေရာတွေကို မဖြတ်သန်းဖို့ ကလည်းပဲ အလွန်အရေးကြီးပါတယ်”ဟု ဒေါက်တာ အောင်သူက ပြောဆိုခဲ့သည်။