သတင်း

နိုင်ငံတကာအကူအညီများ ထိရောက်စွာအသုံးပြုရန်လို ဟု NLD အမတ်များဆို

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းပြည်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ကို ထောက်ခံသော အားဖြင့်ရရှိလာသည့် နိုင်ငံတကာ ကူညီထောက်ပံ့မှုများကို ပြည်တွင်း၌ ပြန်လည်အသုံးပြုရာတွင် ထိရောက်မှုများရှိရန် လိုအပ်ကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များအတွင်း နိုင်ငံခေါင်းဆောင် အချင်းချင်း ဆွေးနွေးမှုများအရ ရရှိလာသည့် အကူအညီများ၊ ချေးငွေများနှင့် နိုင်ငံတကာ ထောက်ပံံ့ မှုများကို ပိုမိုထိရောက်သော နည်းလမ်းများဖြင့် အသုံးပြုနိုင်ရန် လိုအပ်ကြောင်း NLD ပါတီလွှတ်တော် ကိုယ်စားလှယ် များကဆိုသည်။

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စောနိုင်က “ဒေါ်အောင်ဆန်းစုကြည်မျက်နှာနဲ့ ရလာတဲ့ နိုင်ငံတကာအကူအညီတွေကို ပြည်တွင်းမှာ ပြန်အသုံးချတဲ့အခါ လေလွင့်မှုတွေ မဖြစ်အောင် ကြိုးစားဖို့လို တယ်”ဟု ပြောသည်။

၎င်း၏ မြို့နယ်တွင် နိုင်ငံတကာ အကူအညီဖြင့် ရေပေးရေးစနစ် အကောင်အထည်ဖော်ရာတွင် ထိထိရောက်ရောက် ဖြစ်စေရန် လိုအပ်ချက်များရှိနေသည်ကို တွေ့ရှိရ၍ ယခုကဲ့သို့ ပြောရခြင်းဖြစ်ကြောင်း သိရသည်။

အခြားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးလွင်ကိုလတ်ကလည်း ယင်းအကူအညီများကို ထိရောက်စွာ အသုံးမချနိုင်ဘဲ လွဲမှားမည့် စီမံကိန်းများတွင် အသုံးပြုမိမည်ကို ၎င်းအနေဖြင့်လည်း စိတ်ပူလျက်ရှိပြီး၊ ဒေါက်တာ စောနိုင် ၏ ပြောဆိုချက်ကို ထောက်ခံကြောင်း သူကဆိုသည်။

“အခုတောင် လမ်းမှာမြောင်းတခု ထပ်တူးမယ်ဆိုပြီး ပေ၂၀၀၀အတွက် ဘတ်ဂျက်တောင်းတယ်။တကယ်ဆင်းကြည့် တော့ ပေ ၇၀၀ပဲ ရှိတယ်။ နောက်ဆုံး ဘတ်ဂျက်လည်း မလေလွင့်ရအောင် သူတောင်းတဲ့ ပေလည်း ပြည့်အောင်မြောင်း တွေ ထပ်ဖော်ခိုင်းရတယ်။ အဲဒီလို တနိုင်ငံလုံးမှာ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”ဟု ဦးလွင်ကိုလတ်က ပြောသည်။

ထို့ကြောင့် ရရှိလာသည့် နိုင်ငံတကာအကူအညီများနှင့် ပြည်သူ့ဘတ်ဂျက် သုံးစွဲမှု၌ အလေ့အလွင့် မဖြစ်အောင် စောင့် ကြည့်နိုင်ရန် လွှတ်တော်မှ ကော်မတီတခုဖွဲ့စည်းသင့်ကြောင်း သံလျင်မြို့နယ် ပြည်သူ့လွှတ်တော် ဦးလွင်ကိုလတ် က အကြံပြုသည်။

ယခု ဂျပန်နိုင်ငံ၏ ချေးငွေဖြင့် တောင်သူလယ်သမားများနှင့် လယ်ယာကုန်ထုတ်မှု ဆောင်ရွက်နေ သည့် စီးပွားရေး လုပ်ငန်းများကို ချေးငွေထုတ်ချေးမည့် အစိုးရ၏ အစီအစဉ်တချို့မှာလည်း ဝေဖန်မှုများ ရင်ဆိုင်နေရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လယ်သမားတဦးချင်းနှင့် အများဆုံး ဧက ၅၀ ပိုင်ဆိုင်သော လယ် သမားများကို ချေးငွေအများဆုံး သန်း ၅၀(သိန်း ၅၀၀)အထိ ချေးပေးမည်ဟု ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၃၀ ရက် နေ့က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းချေးငွေသည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သည့် အာဆီယံ- ဂျပန်ထိပ်သီး ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံသို့ ဂျပန်ယန်း ၉၃.၃၇ ဘီလီယံ ပေးအပ်ရန် သဘောတူညီခဲ့ရာ ယင်းချေးငွေများထဲမှ ဂျပန်ယန်း ၁၅၁၃၅ သန်းကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က အတိုးနှုန်းသက်သာသော ချေးငွေအဖြစ်ရရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒေါက်တာအောင်သူ၏ ပြောဆိုချက်အရ သိရသည်။

မအူပင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက“ဂျပန်ချေးတဲ့ငွေဆိုရင် ဧက ၅၀ ကို သိန်း ၅၀၀ အထိ ချေး မယ်ဆိုတဲ့ စကားလုံးပါလာတယ်။ ကျနော်ပြောချင်တာက အဲဒါကြီးကို ငွေချေးပေးလို့ ကန့်ကွက်တာ မဟုတ်ဘူး။ ဖြစ်သင့် တာက လုပ်ကွက်ငယ်နဲ့ လုပ်ကွက်လတ်ကို ဦးစားပေးပြီးတော့ လုပ်သင့်တယ်။ တောင်သူလယ်သမားတွေကို အစိုးရက တဧက တသိန်းခွဲလောက် ချေးတာ သူတို့မှာက ၂သိန်းခွဲလောက် ကုန်တာ။ တသိန်းလောက်ကို အပြင်ကနေ ငွေတိုးချေး ပြီး ရှာနေရတာ”ဟု ဧရာဝတီသို့ ပြောသည်။

ထို့အတွက် အခြေခံလယ်သမားများကိုသာ လုံလောက်အောင် ချေးငွေပေးရန် တောင်းဆိုသကဲ့သို့၊ ဧက ၅၀၀ ရှိသူကို သိန်း ၅၀၀ ချေးမည် ဆိုပါက မတရားသိမ်းဆည်းထားသည့် လယ်မြေတွေကိစ္စ မဖြေရှင်းနိုင်ခင် မြေပိုင်ရှင် ခရိုနီများ လက်ထဲကို ယင်းချေးငွေများ ရောက်သွားနိုင်သောကြောင့် တောင်သူလယ်သမားများကို အသေသတ်ခြင်းနှင့် အတူတူဖြစ်ကြောင်း သူကဆိုသည်။

“ကျနော် ပြောချင်တာက နိုင်ငံတော်ရဲ့ ဘတ်ဂျက်တွေကို အများကိုယ်စားပြုတဲ့ နေရာတွေမှာ သုံးစေချင်တာပေါ့ဗျာ။ ရင်းနှီးမြှပ်နှံမှု နည်းလေလေ အထွက်နှုန်းက ကျလေလေ။ ဆင်းရဲတဲ့ တောင်သူလယ်သမားက လှိမ့်ပြီး ခံရလေလေ ဖြစ်တာပေါ့။ ချေးလာတဲ့ ငွေကြေးတွေကို တကယ်အကျိုးရှိရှိ နေရာတွေမှာ အသုံးချနိုင်ရင် ကောင်းမယ်ဆိုပြီး ဒါလေး တချက် ထောက်ပြတာပါ”ဟု ဦးစိန်ဝင်းက ပြောသည်။

NLD အစိုးရ အာဏာရလာပြီးနောက်ပိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယစသည့်နိုင်ငံကြီး ၄နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက်၊ အမေရိကန်က ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို ဖယ်ရှားပေး ခဲ့သလို၊ ဂျပန်နိုင်ငံက ရထား၊ အခြေခံအဆောက်အဦးစီမံကိန်းနှင့် မြန်မာနိုင်ငံမှ ဂျပန် ကုမ္ပဏီများအတွက် အမေရိကန်ဒေါ်လာ ၇.၇၃ ဘီလျံ၊ အလားတူ တရုတ်နိုင်ငံ ခရီးစဉ်တွင်လည်း အာရှအခြေခံ အဆောက်အဦး ဖွံဖြိုးရေးဘဏ်(AIIB)ဥက္ကဋ္ဌ နှင့်တွေ့ဆုံကာ ဓာတ်ငွေ့ လောင်စာသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ချေးငွေရရှိခဲသလို၊ အိန္ဒိယခရီးစဉ်တွင်လည်း လျှပ်စစ်၊ ဘဏ်လုပ်ငန်းနှင့် အာမခံ လုပ်ငန်းအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading