ရခိုင်ပြည်နယ်အရေး ဖြေရှင်းနိုင်ရန် ရခိုင်ပြည်နယ်ဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်နိုင်ရေးအတွက် ယင်းဒေသသို့ သွား ရောက် ခဲ့သည့် ခရီးစဉ်များအတွင်း ရခိုင်တိုင်းရင်းသားများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည် ကို တွေ့ရှိခဲ့ ရကြောင်း အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောဆိုသည်ဟု သိရသည်။
ယနေ့ နံနက်ပိုင်း က နေပြည်တော်တွင် လွှတ်တော် ကိုယ်စားပြု ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ၅ ဦးနှင့် ရခိုင် အကြံပေး ကော်မရှင်တို့ တွေ့ဆုံစဉ် ကိုဖီအာနန်က အထက်ပါအတိုင်း ပြောဆိုခဲ့သည်ဟု ယင်းဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သူ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၂ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက မီဒီယာများသို့ ပြောသည်။
“မွတ်စလင် အသိုင်းအဝိုင်းဘက်ကတော့ ပူးပေါင်း ဆောင်ရွက်တယ်။ ရခိုင် အဖွဲ့အစည်းဘက်ကတော့ ပူးပေါင်း ဆောင် ရွက် မှု အားနည်းတယ် ဆိုတာကို တချက် ထောက်ပြတယ်”ဟု ဦးစိုးဝင်းက ပြောသည်။
ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် စတင် ဖွဲ့စည်းစဉ်ကပင် ပြည်နယ် လွှတ်တော်၏ ထောက်ခံမှုကို မရရှိခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ အနေဖြင့် အကြံပြုလိုသည်မှာ ရခိုင် တိုင်းရင်းသားများဘက်မှလည်း အခက်အခဲ အကြပ်အတည်း များ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြရန် လိုအပ်မည်ဟု ပြောဆိုကြောင်းလည်း သိရသည်။
“သူတို့က ကြားနာပြီးတော့ အကောင်းဆုံး အစီရင်ခံစာတွေ ပြုစုဖို့ပေါ့။ ရခိုင်ဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းနေ တော့ အချက်အလက်တွေ မရဘူး။ အဲဒီအပေါ်မှာလည်း သူတို့အနေနဲ့ ဘဝင်မကျဘူး။ အဲဒါကြောင့်လည်း ကျနော်တို့နဲ့ လာပြီးတော့ ရခိုင်ပြဿနာ ပြေလည်ရေးအတွက် အကြံဉာဏ်တွေပေးပါ။ ဘယ်လို ဆောင်ရွက်ရင် ကောင်းမလဲဆိုပြီး ကျနော်တို့နဲ့ လာတွေ့တာပဲ”ဟု ရခိုင် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောသည်။
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေကလည်း “ကော်မရှင်အနေနဲ့ ဒီအတိုင်း ဖြေရှင်းလို့ မရပါဘူး။ သမိုင်းကိုလည်း သိဖို့လိုတယ်။ ပစ္စုပန်ကိုလည်း သိဖို့လိုတယ်။ အနာဂတ်ကိုလည်း သိဖို့ လိုတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒ၊ ရခိုင်ပြည်သူလူထုရဲ့ ယုံကြည်ချက်တွေကို သူတို့ အလွဲသုံးစား လုပ်လို့ မရ ပါဘူး။ သူတို့အနေနဲ့ ရခိုင်ပြည်သူတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်”ဟု မီဒီယာများသို့ ပြောသည်။
နောက်ဆုံး မောင်တော တိုက်ခိုက်ခံရမှု ဖြစ်စဉ်သည် နိုင်ငံတနိုင်ငံ၏ အချုပ်အခြာ အာဏာကို ဝင်ရောက် ကျူးကျော်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းဖြစ်စဉ်ကို ယခင် ဖြစ်စဉ်များနှင့် ရောနှော၍ မရဘဲ ယခု ဦးတည်ချက်ကို အစိုးရ၊ အကြံပေး ကော်မရှင်တို့က သိထားရန် လိုအပ်ကြောင်း ဒေါ်ထုမေက ပြောဆိုသည်။
“ပူးပေါင်းဆောင်ရွက်ဖို့ အားနည်းတယ် ဆိုတာဟာလည်း ဒါကလည်း အကုန်လုံး ပူးပေါင်းဆောင်ရွက်ရမယ်။ အဲဒီလိုမှ မရှိ တာ။ ဒါက ကော်မရှင် အပေါ်မှာ ရခိုင်များ၊ တခြား ကိုယ်စားလှယ်များသည်လည်း လွတ်လပ်စွာ သူတို့ သဘောထား ကွဲလွဲ ခွင့် ရှိပါတယ်။ ဒါ ဒီမိုကရေစီရဲ့ ကျင့်စဉ် တခုပါ”ဟုလည်း ဒေါ်ထုမေက ပြောသည်။
အစိုးရ အဆက်ဆက်က ပြေလည်ရန် မဖြေရှင်းနိုင်ခဲ့သည့် ရခိုင်ပြဿနာကို ကိုဖီအာနန်အနေဖြင့် ဖြေရှင်းပေးရန် လွှတ်တော် ကိုယ်စားလှယ်များက တောင်းဆိုခဲ့ပြီး ဥပဒေနဲ့အညီ နိုင်ငံသား ဖြစ်ခွင့်ရှိသူကိုလည်း နိုင်ငံသားဖြစ်ခွင့် ရရှိရေး၊ ရခိုင် ပြည်နယ်အတွင်းရှိ မွတ်စလင်များအနေဖြင့် တနိုင်ငံလုံးသို့ ဥပဒေနှင့် အညီ သွားလာခွင့် ရရှိရေး တို့ကို ပြောကြား ခဲ့သည်ဟု သိရသည်။
နေ့လယ်ပိုင်းတွင် ကိုဖီအာနန်နှင့် အဖွဲ့ကို နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် သမ္မတ ဦးထင်ကျော်က လက်ခံ တွေ့ဆုံ ခဲ့ပြီး ရခိုင်ပြည်နယ် အတွင်းရှိ ၂ ဖက် အသိုင်းအဝိုင်းအတွက် လူသားချင်း စာနာထောက်ထားမှုများ အရေးပါမှု၊ မမှန်ကန် သည့် ကောလာဟလများ အပေါ် သတင်းမှန် ထုတ်ပြန်ပေးနိုင်ရေး အရေးပါမှုနှင့် ၂ ဖက် အသိုင်းအဝိုင်း အပြန်အလှန် ထိတွေ့ ဆက်ဆံမှုများမှတဆင့် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ တိုးမြှင့်သွားရန် လိုအပ်မှုတို့ကို ၂ ဖက် အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်သည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း စီးပွားရေး အလားအလာကောင်းများ ပိုမိုပေါ်ထွန်းရေးနှင့် ပြည်သူများ၏ လူမှုစီးပွားရေး ဘဝ ဖွံ့ဖြိုး တိုးတက်လာစေရန် အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းများ တိုးမြှင့်ဖွင့်လှစ်နိုင်မည့် အလားအလာများ ဖော်ထုတ်သွာရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်အညီ အခွင့်အရေးများ ရရှိရန်နှင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စများအပေါ်တွင်လည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။