ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲများ ချုပ်ငြိမ်းရန်အတွက် တရုတ်နိုင်ငံအနေဖြင့် အမြန်ဆုံး ကြားဝင် စေ့စပ် ညှိနှိုင်း ဆောင်ရွက် ပေးရန် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့က ဒီဇင်ဘာ ၄ ရက်နေ့ ရက်စွဲ ဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့ ဖြစ်သော မြန်မာပြည် မြောက်ပိုင်း တပ်ပေါင်းစု (Northern Alliance Burma) အဖွဲ့နှင့် တပ် မတော်တို့ကြား ဖြစ်ပွားနေ သော တိုက်ပွဲများသည် မြန်မာ-တရုတ် နယ်စပ်ဒေသတွင် အများဆုံး ဖြစ်ပွားနေခြင်းဖြစ်သဖြင့် အိမ်နီးချင်း တရုတ် နိုင်ငံ အစိုးရထံ တောင်းဆိုရခြင်းဖြစ်ကြောင်း မြောက်ပိုင်း မဟာမိတ် အဖွဲ့က ဆိုသည်။
အလားတူ မြန်မာအစိုးရအနေဖြင့် တနိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ်ရပ်စဲရေး ကြေညာပေးရန်နှင့် စစ်မှန်ပြီး မျှတသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အတွက် ၎င်းတို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ အနေဖြင့် စစ်ရပ်စဲရန် အဆင်သင့် ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး တာဘုန်းကျော် က “လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲပြင်းထန်မှုတွေ အဆုံးသတ်နိုင်ဖို့ အတွက် ပြည်တွင်းစစ် ရပ်စဲနိုင်ဖို့အတွက် တောင်းဆို ထား တာပါ”ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့၏ တောင်းဆိုချက်ထဲတွင် အချက် ၅ ချက်ပါဝင်ပြီး လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရေး အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာသည့် နည်းလမ်းကို အမြန်စတင်ရန်နှင့် တပ်မတော်၏ ထိုးစစ်များ ရပ်တန့် ပြီး တိုင်းရင်းသား နယ်မြေဒေသများမှ ဆုတ်ခွာပေးရန်လည်း တောင်းဆိုထားသည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အောက်ရှိ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) အဖွဲ့၏ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော အဖွဲ့သည် ယခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
ထိုခရီးစဉ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ မြောက်ပိုင်း မဟာမိတ် အဖွဲ့ နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ကြား တွေ့ဆုံဆွေးနွေးနိုင်ရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက စီစဉ်ပေးခဲ့သည်။
သို့သော်လည်း မြန်မာအစိုးရ ကိုယ်စားလှယ်ဘက်က ၄ ဖွဲ့နှင့် တပြိုင်တည်း မတွေ့လိုဘဲ တဖွဲ့ချင်းစီ ခွဲတွေ့လိုသည့် အတွက် ထိုအစီအစဉ် ပျက်သွားခဲ့ရကြောင်း သိရသည်။
“တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ တွေ့ကြဖို့ လုပ်ပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ မတွေ့ဖြစ်ပါဘူး။ မြန်မာ အစိုးရ ကိုယ်စားလှယ်တွေက ကျနော်တို့ကို တဖွဲ့ချင်းစီတွေ့ချင်တယ်။ ကျနော်တို့ အဲဒီမှာ တက်သွားတဲ့ အဖွဲ့တွေက စုံစုံညီညီ တက်ကြတာ ဆိုတော့ ၄ ဖွဲ့စလုံး တပြိုင်နက်တည်း တွေ့ပြီးတော့မှ ပြဿနာတွေကို တခါတည်း ညှိနှိုင်း ဆွေးနွေး ကြရင် အလုပ်ဖြစ်နိုင်တယ် ဆိုပြီးတော့ တွေ့မယ်လုပ်တော့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေက မတွေ့နိုင်တာပါ”ဟု ဗိုလ်မှူးကြီး တာဘုန်းကျော် က ပြောသည်။
သို့သော်လည်း လက်ရှိ တိုက်ပွဲဖြစ်ပွားနေမှုသည် ၂ ဘက် တွေ့ဆုံဖြေရှင်းရန် လိုအပ်ခြင်းကြောင့် မြန်မာငြိမ်းချမ်းရေး ကော်မရှင် ဘက်မှ တွေ့ဆုံလိုသည့် ဆန္ဒရှိလျှင် ၎င်းတို့ဘက်မှ တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိသည်ဟု တရုတ် နိုင်ငံခြား ရေး ဝန်ကြီး ဌာနထံ အသိပေးထားကြောင်း၊ သို့သော် မည်သည့်အချိန်တွင် တွေ့ဆုံဖြစ်မည် ဆိုသည်ကို မသိရှိရ သေးကြောင်း ဆိုသည်။
တရုတ်အစိုးရက ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး ပြေလည်မှုရရှိစေရန်နှင့် နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်မှု အမြန်ပြန်ရရေး ဆောင်ရွက်ရန် မြန်မာ – တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ယခုလ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ရာတွင် တရုတ်ဘက်က တိုက်တွန်း ခဲ့ကြောင်း သိရသည်။
ထို့အပြင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ကိုလည်း ဒီဇင်ဘာ ၁ ရက်နေ့ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် တွေ့ဆုံစဉ်တွင် တိုက်ပွဲ များ ရပ်ရန်အတွက် ပြောဆို တိုက်တွန်းကြောင်း၊ တပ်မတော်ဘက်မှ ပြင်းထန်သည့် ထိုးစစ်များ မပြုလုပ်လျှင် ၎င်းတို့ အနေဖြင့် စစ်ရေးလှုပ်ရှားမှု မရှိနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ခေါ်ယူပြောဆိုပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ လျော့ကျ သွား သော်လည်း မြို့နယ်တချို့တွင် ကြိုကြား တိုက်ပွဲများ ရှိနေသေးကြောင်း၊ အပြင်းထန်ဆုံးဖြစ်သည့် မုံးကိုးဒေသတွင်ပင် စစ်ရှိန် လျော့ကျသွားပြီး မုံးကိုးမြို့ပေါ်ရှိ မဟာမိတ်တပ်များလည်း ဆုတ်ခွာလိုက်ပြီဖြစ်ကြောင်း မဟာမိတ်အဖွဲ့က ပြော ဆို သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကွတ်ခိုင်မြို့နယ်များတွင် ယခုလ ၂၀ ရက်နေ့ မနက်ပိုင်းက စပြီး မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု ဖြစ်သော ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
မဟာမိတ ်အင်အားစုက တပ်မတော်စခန်း၊ ရဲစခန်း တချို့နှင့် နယ်စပ် ကုန်သွယ်ရေးဇုန် တို့ကို ဝင်ရောက် စီးနင်း ပစ်ခတ် ခဲ့သလို တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင်ရှိသော တံတားတချို့ကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသဖြင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့နှင့် အပြစ်မဲ့ အရပ်သားများ သေဆုံးခဲ့ရသလို နှစ်နိုင်ငံ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း လည်း ပြတ်တောက် သွားခဲ့ရသည်။