ရခိုင်ပြည်နယ်မှ မွတ်ဆလင်များအရေး အကြောင်းပြ၍ လူထုအစည်းအဝေး ပြုလုပ်ပြီး မြန်မာနိုင်ငံ အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် မလေးရှားဝန်ကြီးချုပ် လုပ်ရပ်အပေါ် နိုင်ငံရေး အမြတ်ထုတ်မှုဟုသာ ရှုမြင်ပြီး ထိုလုပ်ရပ်အပေါ် ကန့်ကွက် ရှုတ်ချကြောင်း မြန်မာမွတ်စလင် မဟာမိတ် အရပ်ဖက်အဖွဲ့အစည်းများ (Coalition of Myamar Muslim Civil Society Groups) က တုံ့ပြန်လိုက်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်ဆလင်များ အရေးနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် နာဂျစ် ရာဇတ် ကိုယ်တိုင် ဦးဆောင်ပြီး မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် တနင်္ဂနွေနေ့က ပြုလုပ်သည့် ဆန္ဒပြပြီး ပြင်းထန်သည့် ဝေဖန်မှုများ ပြုလုပ်သည့်အပေါ် မြန်မာ မွတ်စလင် မဟာမိတ် အရပ်ဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးသို့ ဒီဇင်ဘာ ၅ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့၍ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
မြန်မာ မွတ်စလင် မဟာမိတ် အရပ်ဖက်အဖွဲ့အစည်းများ ပြောရေးဆိုခွင့်ရှိသူ မမြတ်နိုးဦးက “သူတို့ရဲ့ အကျိုးအတွက် (နိုင်ငံရေး) အမြတ်ထုတ်တယ်လို့ ကျမတို့က ယူဆတယ်။ အဲဒါကို အသုံးချပြီး ကျမတို့ ဘာသာရေးနဲ့ နွယ်ပြီးတော့ ဝင်ရောက် စွက်ဖက်တာကို လက်မခံနိုင်ပါဘူး။ သူ့ရဲ့လုပ်ရပ်ဟာ အာရုံစိုက်မှုကို ရပေမယ့် လောလောဆယ်မှာ ထိခိုက်မှု ကြီးကြီးမားမား မမြင်ရသေးပေမယ့် ရှေ့မှာ ဒါကြောင့် တခုခု ဖြစ်လာနိုင်မလားဆိုတဲ့ ခန့်မှန်းလို့ မရတဲ့ အခြေနေတွေ အပေါ် စိုးရိမ်ပြီးတော့ စာထုတ်လိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
မလေးရှား ဝန်ကြီးချုပ်၏ လုပ်ရပ်အပေါ် လက်မခံနိုင်ကြောင်း ရှုတ်ချ ကန့်ကွက်စာ ပေးပို့ခဲ့သည့် မြန်မာမွတ်စလင် မဟာမိတ် အရပ်ဖက်အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံရှိ မွတ်ဆလင် လူငယ် အဖွဲ့အစည်း ၁၀ ဖွဲ့ခန့်ပါဝင်ပြီး အားလုံး၏ သဘောတူညီချက်ဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဝန်ကြီးချုပ် နာဂျစ် ရာဇတ်သည် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များအရေး ဆန္ဒပြရန် စည်းရုံး လှုံဆော်မှုများကို ပြီးခဲ့သည့် ရက်ပိုင်းထဲက ပြုလုပ်နေခြင်းဖြစ်ပြီး၊ ၎င်း၏လုပ်ရပ်နှင့် ပတ်သက်၍ မြန်မာ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက မလေးရှားဝန်ကြီးချုပ်သည် အာဆီယံက ချမှတ်ထားသော နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေး တခြားနိုင်ငံက ဝင်ရောက် မစွက်ဖက်ရေးမူကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုခဲ့သေးသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခသည် ဘာသာရေးပြဿနာ မဟုတ်ကြောင်း၊ ပြည်တွင်း၌သာ ဖြေရှင်းရမည့် ကိစ္စဖြစ်ပြီး ယခုကဲ့သို့ ထိလွယ်ရှလွယ် ကိစ္စရပ်မျိုးကို ဖြေရှင်းရန် ခက်ခဲနေချိန်တွင် ဘေးပယောဂကြောင့် ပိုမို ရှုပ်ထွေး သွားမည်ကို စိုးရိမ်ကြောင်း မြန်မာမွတ်စလင် မဟာမိတ် အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။
“ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စက အခုလက်ရှိမှာလည်း အရမ်းကို ထိလွယ် ရှလွယ်တဲ့ ကိစ္စ၊ ဒီကိစ္စတွေ ဖြေရှင်းလို့ မပြီးသေးခင်မှာ ဒီလိုမျိုးဝင်ရောက် ပက်သက်လာတဲ့အတွက် ပိုပြီးတော့ ရှုပ်ထွေးလာမယ်။ ငြိမ်းချမ်းရေးဘက်ကို မသွားဘဲနဲ့ ပြဿနာတွေ ပိုဆိုးလာမှာကို ကျမတို့က စိုးရိမ်တာပါ” ဟု မမြတ်နိုးဦးက ပြောသည်။
တနင်္ဂနွေနေ့က ကွာလာလမ်ပူ မြို့ပေါ် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သော ဝန်ကြီးချုပ် နာဂျစ်သည် ၎င်း၏ ဘဏ်စာရင်းထဲတွင် အမေရိကန်ဒေါ်လာ သန်း ၆၈၀ တွေ့ရှိခဲ့ပြီး နောက် အကျင့်ပျက်လာဘ်စားမှု စွပ်စွဲချက်များကြောင့် နှုတ်ထွက်ပေးရန် တောင်းဆိုခြင်း ခံထားရသူဖြစ်ကြောင်း သိရသည်။