သတင်း

ဘင်္ဂလားဒေ့ရှ်၌ ဆန္ဒပြမှုများကြောင့် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထား

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ မောင်တောဒေသ၌ ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆန္ဒပြ လှုံ့ဆော်မှုများကို မြန်မာ အစိုးရအနေဖြင့် အလေးထား လုပ်ဆောင်နေပြီး၊ မောင်တော နယ်စပ်လုံခြုံရေးကိုလည်း စနစ်တကျ လုပ်ဆောင်နေကြောင်း သိရသည်။

မောင်တောအရေးနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သံတမန်ရေးအရ လုပ်ဆောင်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း အကြမ်းဖက်မှုများကို လက်ခံမည် မဟုတ်ဟု ပြောဆိုထားကြောင်း သမ္မတရုံး ဒု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧရာဝတီကို ပြောသည်။

ဦးဇော်ဌေးက “နှစ်နိုင်ငံနယ်စပ် လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဗဟိုကနေ အောက်ခြေ နယ်စပ်လုံခြုံရေးအထိ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း အကြမ်းဖက်မှုကို လက်မခံဘူးလို့ ပြောထားတယ်။ အဲဒီလိုပဲ နိုင်ငံတော်ရဲ့ လုံခြုံရေးကိုလည်း အထူးအလေးထား လုပ်ဆောင်ထားပါတယ်” ဟု ဆိုသည်။

မောင်တော၌ ဖြစ်ပွားနေသည့် သတ်ဖြတ်နေမှုများအား ရပ်တန့်ပေးရေး၊ မောင်တောအရေးနှင့် ပတ်သက်၍ မြန်မာအစိုးရက ဖြေရှင်းပေးမှု မရှိပါက ဘင်္ဂလားဒေ့ ရှ်နိုင်ငံ၌ မြန်မာသံရုံး မရှိစေရန်နှင့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနယ်စပ်သို့ ချီတက်၍ မောင်တောမှ မွတ်စလင်များနှင့် ပူးပေါင်းမည်ဟု အစ္စလမ်မစ် အစွန်းရောက် နိုင်ငံရေးပါတီ တခုက ဘင်္ဂလားဒေ့ရှ် နိုင်ငံမြို့တော် ဒါကာ၌ ဒီဇင်ဘာလ ၂ ရက်နေ့က ဆန္ဒပြစဉ် ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၌ ဆန္ဒပြမှုများနှင့် ပတ်သက်၍ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မောင်တောနယ်စပ် လုံခြုံရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် အဓိကထား ဆောင်ရွက်နေပြီး၊ အကြမ်းဖက်မှုများအား ကြိုတင် ကာကွယ်နိုင်ရန်လည်း လုံခြုံရေး အစီအမံများ လုပ်ဆောင် ထားကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဒု အတွင်းဝန် ဦးစိုင်းထွန်းညိုက ဧရာဝတီကို ပြောသည်။

မောင်တော ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ လူအများအပြား ထွက်ပြေးလာသည် ဟုဆိုကာ ဒါကာမြို့အခြေစိုက် မြန်မာသံရုံးမှ သံအမတ်ကြီးကိုလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ခေါ်ယူ အသိပေးခဲ့သေးသည်။

မောင်တောအရေးနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ မြန်မာသံရုံး အပါအဝင် မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံများရှိ မြန်မာသံရုံးများ၏ လုံခြုံရေးကိုလည်း သက်ဆိုင်ရာ နိုင်ငံအစိုးရများနှင့် ပူးပေါင်း ဆောင်ရွက် ထားကြောင်း မြန်မာ အာဏာပိုင်များက ပြောသည်။

မလေးရှားနိုင်ငံ၌ လုပ်ဆောင်ခဲ့သည့် ဆန္ဒပြမှုများတွင် မလေးရှားဝန်ကြီးချုပ် ကိုယ်တိုင် ပူးပေါင်း ပါဝင်ခဲ့ခြင်းကိုလည်း မြန်မာအစိုးရ အနေဖြင့် စိတ်မကောင်းဖြစ်မိပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းသည် အစွန်းရောက်ဝါဒ ကြီးထွားအောင် လှုံ့ဆော်ရာ ရောက်ကြောင်း၊ မလေးရှား အစိုးရ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍လည်း သံတမန်နည်းအရ တုံ့ပြန်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

မောင်တောအရေးနှင့် ပတ်သက်၍ ဥပဒေ ဘောင်အတွင်းမှ စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာကလည်း မြန်မာ အစိုးရအပေါ် ဖိအားပေးမှုများ ရှိနေပြီး၊ လူ့အခွင့်ရေး ချိုးဖောက်မှုများ ရှိနေသည်ဟုလည်း စွပ်စွဲပြောဆိုမှုများ ရှိနေသည်။

နိုင်ငံတကာ၏ စွပ်စွဲမှုများနှင့် ဖိအားပေးမှုများသည် မြန်မာစိုးရအား ကူညီရာ မရောက်ဘဲ အစွန်းရောက်ဝါဒ အားကြီးထွားလာစေရန် ထောက်ခံပေးရာ ရောက်ကြောင်း မြန်မာအစိုးရက တုံ့ပြန်ထားသည်။

မောင်တောနယ်စပ် ဒေသလုံခြုံရေး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အတွက်လည်း သက်ဆိုင်ရာ နှစ်နိုင်ငံ နယ်စပ်ဒေသ ကွပ်ကဲရေး အဖွဲ့များက ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်နေပြီး၊ မောင်တော ဒေသ၌လည်း အခြေအနေ တည်ငြိမ်နေသည်ဟု သိရသည်။

နိုင်ငံတကာအနေဖြင့် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သည့် ပြဿနာများကို ဖြေရှင်း ဆောင်ရွက်နေရသည့် မြန်မာနိုင်ငံအပေါ် အချိန်ယူ ဆောင်ရွက်ခွင့် ပေးရန်နှင့် နားလည်မှုရှိရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့နှင့် ယနေ့နံနက် နေပြည်တော်၌ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယနေ့ ညနေ ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂရီလာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်ကလည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading