မြန်မာနိုင်ငံအတွင်း သစ်တောများပြုန်းတီးမှု များပြားလာရာ NLD အစိုးရတက်လာပြီးနောက်ပိုင်း တနိုင်ငံလုံး အတိုင်း အတာနှင့် သစ်ခုတ်ခြင်းကို ၁နှစ် ရပ်တန့်ထားခဲ့ပြီးနောက် အရေးပါသည့် ပဲခူးရိုးမသစ်တောများကိုမူ ၁၀ နှစ် သစ်ထုတ်လုပ် မှုများ ရပ်ဆိုင်းထားခဲ့သည်။
ချမှတ်လိုက်သည့် သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒသစ်ကြောင့် ယခင်ကသစ်ထုတ် လုပ်ငန်းများတွင် အသုံးပြုခဲ့ရသည့် ဆင်များနှင့် ဆင်ထိန်းများအနေဖြင့် ဆက်လက်ရပ်တည်နိုင်ရန် မြန်မာသစ်ထုတ်ရေးလုပ်ငန်းမှ ၎င်းဆင်များအား ပြည်သူလူထုအပန်းဖြေရေးလုပ်ငန်းများတွင် အသုံးပြုရန်စီစဉ်နေရာ ပြည်မြို့ နတ်မှော်ကွေ့ရှိ သစ်ထုတ် လုပ်ရေးစခန်းတွင် Pyay Elephant Camp အမည်ဖြင့် ဆင်စခန်းတခုဖွင့်လှစ်မည်ဖြစ်သည်။
ပြည် နတ်မှော်ဆင်စခန်းမှ လက်ထောက်မန်နေဂျာ ဦးစောရည်မွန်လင်းက “ကျနော်တို့မြန်မာ့ သစ်လုပ်ငန်းကနေပြီးတော့ ဒီနှစ်မှာ တနိုင်ငံလုံးသစ်ထုတ်တာ တနှစ်ရပ်နားထားတယ်။ ပဲခူးရိုးမဆို ၁၀ နှစ် ရပ်နားမှုအစီအစဉ် ဆွဲလိုက်တဲ့ အခါကျ တော့ ဆင်တွေနဲ့ ဆင်ဝန်ထမ်းတွေရဲ့ ရပ်တည်မှုကို ဆင်နဲ့ပတ်သက်ပြီးတော့ ဖျော်ဖြေရေးတွေလုပ်မယ်။ နောက်ပြီး Eco Tourism လုပ်မယ် ရပ်တည်မယ်ပေါ့။ ဒါတွေနဲ့ ပြန်ပြီးတော့ လမ်းကြောင်း ပြောင်းပြီးတော့ ရပ်တည်ဖို့ ကြိုးစားတဲ့ အဆင့်ပါ” ဟု ကဧရာဝတီသို့ပြောသည်။
နိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ပဲခူးရိုးမသည် ၁၉၇၅ခုနှစ် ဝန်းကျင်မှစတင်၍ သစ်ထုတ်လုပ်မှုများ ပြုလုပ်ခဲ့ရာ ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် သစ်ထုတ်လုပ်မှု ပိုမိုများပြား လာသည့်အတွက် သစ်တောပြုန်းတီးမှု ကြီးမားခဲ့သည်။
နတ်မှော်ဆင်စခန်းသို့ လာရောက်ကြည့်ရှု့သူများအနေဖြင့် မြန်မာ့သစ်လုပ်ငန်းပိုင်ဆင်များ၏ သရုပ်ပြခြင်း၊ ဆင်စီးခြင်း၊ ဆင်စီးကာ ဧရာဝတီမြစ်ရှု့ခင်းကို ကြည့်ရှု့ခြင်းများကို ခံစားရယူနိုင်ကြောင်း၊ လက်ရှိအခြေအနေမှာ တရားဝင်ဖွင့်လှစ် ခြင်းမရှိသေးသော်လည်း ခရီးသည်များ၏ လိုအပ်ချက်များကို လေ့လာကာ၊ ဆင်စခန်း၏ ဝန်ဆောင်မှုများ အားနည်းချက် များကို ပြင်ဆင်ဖြည့်ဆည်းနေသည့် အပိုင်းဖြစ်ကြောင်း ဦးစောရည်မွန်လင်းက ရှင်းပြသည်။
ထိုအပြင် သစ်လုပ်ငန်းပိုင် ဆင်များဖြင့် ပြည်မြို့ သရေခေတ္တရာရှေးဟောင်းဇုန်အတွင်း ဆင်များဖြင့် လှည့်လည်ကြည့်ရှုနိုင် ရန်လည်း စီစဉ်နေပြီး၊ စခန်းသစ်များအဖြစ် ပေါက်ခေါင်းမြို့မှ ၂၇မိုင်အကွာ ပဲခူးရိုးမပေါ်ရှိ ပေါ်လံကြီး ဆင်စခန်းနှင့် ပြည်မြို့ရှောင်လမ်းတွင် ခေမာသီဝန် ဆင်ထိန်းသိမ်းရေး စခန်းများ ဖွင့်လှစ်ရန် စီစဉ်နေသည်။
“ဆင်နဲ့ပတ်သက်ပြီးတော့ ပျော်ချင်တယ်ဆိုရင် နတ်မှော်စခန်းကိုလာမယ်။ ထိန်းသိမ်းတာကြည့်ရှုချင် တယ်ဆိုရင် ခေမာသီဝန်ကိုသွားမယ်။ ရှေးဟောင်းအမွေအနှစ်တွေကြည့်ချင်တယ်ဆိုရင် သရေခေတ္တရာမှာ ကျနော်တို့လုပ်ပေးဖို့ အစီအစဉ်ရှိတယ်။ သဘာဝတောတောင်တွေကိုကြည့် ချင်တယ်၊ ခံစားချင်တယ်ဆိုရင် ပေါ်လံကြီးဆင်စခန်းကိုသွားမယ်။ အခုလက်ရှိကတော့ နတ်မှော်စခန်းကိုစတည်တာပါ” ဟု ၎င်းကဆက်ပြောသည်။
ယခုဖွင့်လှစ်ထားသည့် နတ်မှော်ဆင်စခန်းတွင် စွယ်စုံဆင်အထီး ၃ ကောင်တွင် အသက် ၂ နှစ်ခွဲအရွယ် နွေမြင့်ထွေးမှအပ အသက် ၄၇ နှစ်အရွယ် အေးလုံးနှင့် အသက် ၄၅ နှစ်အရွယ် သန်းဝင်းတို့ကိုသာ လူစီးရန်စီစဉ်ထားပြီး ဆင်စီးရန် လာရောက်သူ များပြားလာသည့်အတွက် ဆင်မနှစ်ကောင်းအား ထပ်မံခေါ်ယူရန် စီစဉ်ထားကြောင်းနှင့် ပြည်မြို့ မြို့ရှောင်လမ်းရှိ ခေမာသီဝန် ဆင်စခန်းတွင်လည်း ဆင် ၅ ကောင်းအား ထိန်းသိမ်းပြသနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ပြည် နတ်မှော်ဆင်စခန်းကို အပတ်စဉ် တနင်္လာနေ့တရက်သာ ပိတ်ရက်အဖြစ်သတ်မှတ်ထားပြီး လူတဦးလျှင် စခန်းအတွင်း ဝင်ကြေး ၅၀၀ ကျပ် နှင့် ဆင်စီးခ ၂၀၀၀ ကျပ် သတ်မှတ်ထားပြီး နံနက် ၉ နာရီမှ ၁၂ နာရီအထိ တကြိမ် နေ့လည် ၃ နာရီမှ ညနေ ၆ နာရီအထိတကြိမ် တနေ့လျှင် ၂ ကြိမ်ဖွင့်လှစ်ထားသည်။
မြန်မာအိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဆင်စခန်းများ၊ ဆင်ဆေးရုံများဖွင့်လှစ်ကာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး၊ ကမ္ဘာလှည့်ခရီးသွားများကိုလည်း ဆွဲဆောင်မှုတရပ်အဖြစ် ပြသထားသည်။