အရွယ်မတိုင်မီ အလုပ်လုပ်နေရသည့် ကလေးလုပ်သားများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် ၎င်းတို့အားလပ်ချိန်တွင် အသက်မွေးဝမ်းကြောင်း ပညာများ သင်ကြားပေးခြင်း ကနဦးစီမံချက် (Pilot Project) တရပ်ကို လူမှုဝန်ထမ်း ဦးစီးဌာနက စမ်းချောင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌ စတင် အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း သိရသည်။
“အဓိက ဦးတည်ချက်က စားသောက်ဆိုင်မှာ လုပ်တဲ့ ကလေးရယ်၊ လက်ဖက်ရည်ဆိုင်မှာ လုပ်တဲ့ ကလေးတွေကို ဦးစားပေး ရွေးချယ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဆီက မုန့်ဖုတ်သင်တန်းတွေ၊ အကြော်သင်တန်းတွေ၊ အစားအသောက် သင်တန်းတွေက သူတို့နဲ့ in line (ကိုက်ညီ) ဖြစ်တယ်။ စားပွဲထိုးကနေ အကြော်ဆရာဘဝ၊ မုန့်ဖုတ်တဲ့သူဘဝ ပြောင်းသွားနိုင်တယ်။ ဒါမျိုး ရည်ရွယ်တယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာန (ရန်ကုန်) ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က ဧရာဝတီကို ပြောသည်။
ထိုစီမံချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟန်း၊ မရမ်းကုန်း၊ ကမာရွတ်၊ တာမွေ၊ စမ်းချောင်း၊ အင်းစိန် စသည့် ၆ မြို့နယ်၌ ပြုလုပ်ရန် လျာထားသော်လည်း လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်ထားသည့် အိမ်တွင်းမှု အသက်မွေးပညာ သင်တန်းကျောင်းနှင့် အနီးဆုံးဖြစ်သည့် စမ်းချောင်းနှင့် ကမာရွတ်မြို့နယ်တို့ကို ကနဦးစီမံချက် ပြုလုပ်ရန် ရွေးချယ်ထားခြင်း ဖြစ်သည်ဟု ဦးမျိုးဆက်အောင်က ဆက်ပြောသည်။
ဦးစားပေး ရွေးချယ်ထားသည့် ကလေးငယ်များကို ဆံပင်ညှပ်၊ ကွန်ပျူတာ၊ စက်ချုပ်၊ လက်သည်းခြေသည်း ပြုပြင်ခြင်း၊ သိုးမွှေးထိုး၊ အစားအသောက်မျိုးစုံ ပြုလုပ်သည့်သင်တန်း၊ အမျိုသမီး/အမျိုးသား အဝတ်ချုပ်၊ ဖုန်းပြင်၊ ဆိုင်ကယ်ပြင် သင်တန်း၊ မုန့်ဖုတ် သင်တန်း စသည်ဖြင့် ၎င်းတို့ ဝါသနာပါရာ သင်တန်းကို ကြိုက်သည့်အချိန် ရွေးတက်နိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သင်တန်းတက်မည့် ကလေးငယ်များသည် တနေ့လျှင် လမ်းစရိတ် ၁ ထောင်ကျပ် ရရှိမည်ဖြစ်ပြီး သင်တန်းကြေးနှင့် သင်တန်း၌ ကုန်ကျမည့် စရိတ်များကို ဌာနက စိုက်ထုတ်ပေးမည် ဖြစ်ကြောင်း၊ သင်တန်းကာလကို တက်ရောက်မည့်သူ၏ အချိန်ရွေးချယ်မှုအပေါ် မူတည်၍ တနင်္လာမှ သောကြာအထိ တက်မည်ဆိုပါက တနေ့လျှင် ၂ နာရီ အချိန်ပေးရမည် ဖြစ်ကြောင်း၊ စနေ၊ တနင်္ဂနွေ ၂ ရက်သာ တက်မည်ဆိုပါက အချိန်ပိုပေးတက်ရမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြောသည်။
သင်တန်းတက်ရောက်မည့် ကလေးများအား စာရင်းကောက်ယူရာတွင် ကြုံတွေ့ရသည့် အခြေအနေများနှင့် ပတ်သက်ပြီး ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က “စာရင်းကောက်ယူတုန်း တွေ့ရတဲ့ အခက်အခဲက သူတို့က ဟုတ်မှ ဟုတ်ပါ့မလားဆိုတဲ့ သံသယတွေနဲ့ ကြည့်ကြတာပေါ့။ မှန်ရဲ့လားပေါ့။ တော်တော်များများ Vocational Training ပို့လိုက်ပေမယ့် တချို့က မတက်ဘူး။ ခုလုပ်တဲ့ဟာက အသစ်၊ ကောင်းတဲ့အစီအစဉ် တခုဆိုတော့ သူတို့သံသယရှိရင် ရှိလိမ့်မယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ လက်တွေ့နဲ့ သက်သေပြရမယ်” ဟု ဆိုသည်။
ယခုစတင်သည့် စီမံချက်သည် လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ပထမဆုံး ပြုလုပ်သည့် အစီအစဉ်ဖြစ်သောကြောင့် အခက်အခဲ များစွာရှိပြီး ဆိုင်ပိုင်ရှင်များ၊ ကလေးငယ်များနှင့် ကလေးမိဘများကို အသိပညာပေးမှုများပါ ပြုလုပ်ရကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနအပြင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ INGO၊ NGO များ၏ အင်အားကိုပါ ရယူရမည်ဖြစ်ကြောင်းနှင့် ရရှိလာမည့် ကနဦးစီမံချက်များ၏ ရလဒ်ကိုကြည့်၍ ရေရှည်စီမံချက်များ ထပ်မံရေးဆွဲသွားမည်ဟု ၎င်းက ဆက်ပြောသည်။
လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်နေသည့် ယခုစီမံချက်နှင့် ပတ်သက်ပြီး Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ဒါက မြို့နယ် ၂ ခုလောက်နဲ့စပြီး လုပ်ဆောင်တယ်။ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်မှာ ကလေး အလုပ်သမားကိစ္စက နေရာတိုင်းမှာ ဖြစ်နေတယ်။
ပြဿနာကလည်း တော်တော်ကြီးမားတယ်။ ဒါပေမယ့် ဒီနည်း တခုတည်းနဲ့တော့ ကလေးအလုပ်သမား ပြဿနာ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ တကယ်တမ်း ဖြစ်နိုင်တဲ့ ပညာရေး ဆုံးရှုံးမှုတွေ၊ ဆင်းရဲမွဲတေမှုတွေကို သိဖို့လိုအပ်တယ်” ဟု မှတ်ချက်ပြုသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ကလေးလုပ်သား အသက်အရွယ် သတ်မှတ်မှုနှင့် ပတ်သက်၍ တိကျသည့် ဥပဒေပြဋ္ဌာန်းမှု မရှိသေးကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ပြင်ဆင်ရေးဆွဲလျက်ရှိသည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းတွင် ကလေးလုပ်သားကို အသက် ၁၄ နှစ်အောက်ဟု သတ်မှတ် ထားသော်လည်း ဥပဒေကြမ်းအဆင့်သာ ရှိသေးသည့်အတွက် အကျုံးမဝင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
ယခုပြုလုပ်သည့် ကနဦး စီမံချက်အတွက် လူမှုဝန်ထမ်း ဦးစီးဌာန၏ ဘတ်ဂျက်ဖြင့် ငွေကျပ် ၁၄ သိန်း ၆ သောင်း အသုံးပြုသွားမည် ဖြစ်ကြောင်း ဦးမျိုးဆက်အောင်က ဆိုသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ လူငယ်သင်တန်းကျောင်း ၁၀ ကျောင်းတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မိသားစုထံ ပြန်လည် အပ်နှံပေးခဲ့သည့် ကလေးဦးရေ ၂,၅၁၆ ဦး၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာ သင်ကြားနေသည့် ကလေးဦးရေ ၃,၅၁၆ ဦး၊ သက်မွေးပညာ သင်ကြားသူ ၁,၅၁၀ ဦး၊ အလုပ်ရ ကလေးဦးရေ ၂၉၃ ဦး ရှိကြောင်း သိရသည်။