ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် မြောက်ပိုုင်း မဟာမိတ်တပ်ဖွဲ့၏ အပြစ်မဲ့ ပြည်သူများအပေါ် ဆောင်ရွက်ခဲ့မှုများကြောင့် ယင်းအဖွဲ့အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် အရေးကြီးအဆိုကို ယနေ့ ပြုလုပ်သည့် ရှမ်းပြည်နယ်လွှတ်တော် အစည်းဝေးတွင် မဲခွဲအတည်ပြုလိုက်ကြောင်း သိရသည်။
“ဒီအဆိုကို ရှမ်းပြည်နယ် လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်တော့ မဲ ၆၀ ကျော်နဲ့ အနိုင်ရရှိပြီး အဆိုဟာ အတည် ဖြစ်သွားတာပေါ့။ အတည်ဖြစ်သွားပြီဆိုရင် ဒီအဖွဲ့ဟာ အကြမ်းဖက်တဲ့ အဖွဲ့အစည်း ဖြစ်သွားတယ်လို့ သဘော သက်ရောက်ပါတယ်။ ဒီလို သတ်မှတ် ပြီးသွားပြီဆိုရင် ဒီဟာကြီးကို ထိုးစစ်ဆင်ဖို့ ပိုပြီးတော့ လွယ်သွားဆိုတဲ့သဘော သက်ရောက်သွားတယ်လို့ ကျနော်ကတော့ အဲဒီလိုပဲ သဘောပေါက်ထားပါတယ်” ဟု လဲချားပြည်နယ် လွှတ်တော်အမတ် စိုင်းကျော်ဇေယျက ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးခဲ့ကြပြီး ထောက်ခံမဲ ၆၃ မဲ၊ ကန့်ကွက်မဲ ၄၅ မဲ၊ ကြားနေမဲ ၇ မဲဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကွတ်ခိုင် မြို့နယ်တို့တွင် ယခုလ ၂၀ ရက်နေ့ နံနက်ပိုင်းကစပြီး မြန်မာပြည်မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုဟု အမည်ပေးထားသော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က ထိုးစစ်ဆင်တိုက်ခဲ့ခြင်း ဖြစ်သည်။
KIO, TNLA, MNDAA လက်နက်ကိုင်များ၏ အပြစ်မဲ့ ပြည်သူများအပေါ် ဆောင်ရွက်ခဲ့ကြသည့် ဆောင်ရွက်ချက်များအား ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် အရေးကြီးအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ (USDP) မှ လားရှိုးမဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက ဒီဇင်ဘာ ၆ ရက်တွင် ပြုလုပ်သည့် ရှမ်းပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့သည်။
ယင်းအဆိုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တွင်း ပြည်သူလူထုနှင့် အရပ်ဖက် အဖွဲ့အစည်းအပေါင်း ၁၄၀ က ဒီဇင်ဘာ ၇ ရက် တွင် ရှမ်းပြည်နယ် လွှတ်တော်သို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း Kachin Peace Network မှ မရန်ဂျော်ဂွန်းက ပြောသည်။
အိတ်ဖွင့်ပေးစာတွင် ဆွေးနွေးဘက်အဖြစ် သဘောထားရမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို သောင်းကျန်းသူ၊ အကြမ်းဖက် စသည့် စကားလုံးများဖြင့် သုံးနှုန်းဆက်ဆံခြင်းသည် စည်းရုံးရေးကိုထိခိုက်စေပြီး ယုံကြည်မှုကိုဆိုး ရွားစွာ ပျက်ပြားစေနိုင်သည့်အတွက် အပစ်အခတ်ရပ်စဲရေး အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေး အဖြေရှာမှုများ အမြန်ဆုံးပေါ် ပေါက်ရေးကိုသာ ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။
မရန်ဂျော်ဂွန်းက “ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ အရင်အစိုးရ လုပ်ခဲ့တာကို ပိုပြီးကောင်းမွန်အောင် အကောင်အထည် ဖော်နေတဲ့ အချိန်ဖြစ်သလို တဖက်မှာလည်း လက်မှတ် မထိုးရသေးထားတဲ့ သူတွေကို နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လာဖို့နဲ့ NCA ထိုးနိုင်ဖို့ကိစ္စကို ဆောင်ရွက်နေတဲ့အချိန်မှာ ဒီလိုမျိုး လွှတ်တော် ကိုယ်စားလှယ်ကနေ လွှတ်တော်မှာ အကြမ်းဖက် အဖွဲ့အစည်း အနေနဲ့ သတ်မှတ်လိုက်တာက ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်သလို ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေဆိုတာကို ပြန်ဖော်ဆောင်လာနိုင်တယ်။ အားလုံးပါဝင်လာအောင် လုပ်ဆောင်နေတဲ့ နိုင်ငံရေးဆွေးနွေးမှု လမ်းကြောင်းကနေလည်း သွေဖယ်သွားနိုင်တယ်။ အဲဒီအခါကျရင် အဓိကတရားခံက ဒါကို အတည်ပြုတဲ့ ပြည်နယ်လွှတ်တော်က အဓိက တာဝန်ယူရမှာဖြစ်ပါတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်လွှတ်တော်တွင် တင်သွင်းဆွေးနွေးသည့် အဆိုများ ဆုံးဖြတ်ချက်များသည် ၂၁ ပင်လုံငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ယုံကြည်မှု တည်ဆောက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အား ထိခိုက်စေမည့် ဝေါဟာရ အသုံးအနှုန်းများကို ရှောင်ကြဉ်ရန်နှင့် လုပ်နည်းလုပ်ဟန်များအား ထိန်းသိမ်းရန်တာဝန်ရှိကြောင်း၊ ရှမ်းပြည်နယ်တွင်း နေထိုင်သော ပြည်သူလူထုများနှင့် အရပ်ဖက် အဖွဲ့အစည်းများ အနေဖြင့် စစ်ရေးအရ ဖိအားပေးဆောင်ရွက်ခြင်းများ အားလုံးကို ကန့်ကွက်ရှုတ်ချကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှမ်းမြောက်ဒေသ တိုက်ပွဲများကြောင့် အပြစ်မဲ့ပြည်သူများ သေကြေခြင်း၊ ဒဏ်ရာရခြင်းနှင့် အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည် ဘဝရောက်ခြင်းနှင့် နိုင်ငံ၏ အချုပ်အခြာတည်မြဲမှု၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်ကြောင်း အရေးကြီးအဆိုကို မိတ္ထီလာမဲ ဆန္ဒနယ်မှ ဒေါက်တာ မောင်သင်းက တင်သွင်းခဲ့သည်။
ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးခဲ့ကြရာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းအောင်နှင့် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတို့မှလည်း ထောက်ခံဆွေးနွေးခဲ့ပြီး အပြစ်မဲ့ အရပ်သားများအား အကြောင်းမဲ့ သေကြေ ဒဏ်ရာရစေခြင်း၊ စစ်ဘက်ပစ်မှတ် မဟုတ်သည့် အခြေခံ အဆောက်အအုံများ၊ ယာဉ်များ ဖျက်ဆီးခြင်း၊ ပြည်သူတို့၏ စီးပွားဥစ္စာ ပျက်စီးစေခြင်းတို့ကြောင့် KIA, MNDAA, TNLA နှင့် AA အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့များ အဖြစ် လွှတ်တော်မှ သတ်မှတ်သင့်ကြောင်း တင်ပြတောင်းဆို ခဲ့ကြသော်လည်း အဆိုကိုလွှတ်တော်က မှတ်တမ်းသာ တင်ခဲ့ကြောင်း သိရသည်။
KIA, TNLA, MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီထိ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အောင်မင်္ဂလာကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ ၄၆ ဦး၊ ကချင်ဘုရားကျောင်း တွင် ၁၃၈ ဦး၊ နမ့်ခွမ်ရွာ ဘုန်းတော်ကြီးကျောင်းတွင် သံဃာ ၈ ပါး၊ စိန့်ပီတာ ဘုရားကျောင်းတွင် ၄၅ ဦး၊ အထက (၂) ဟိုမွန်တွင် ၁၃၈ ဦး နှင့် အမက (၄) ဟိုမွန် တွင် ၅ ဦး၊ စုစုပေါင်း ၃၈၀ ဦး တို့ အသီးသီးရောက်ရှိလျက်ရှိကြောင်း နိုင်ငံ တော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။