သတင်း

တရားမဝင် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများ ပြည်မြို့တွင် စတင်ဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပြည်မြို့ရှိ စိုက်ပျိုးရေးဆေး အရောင်းဆိုင်များကို ဒီဇင်ဘာ ၆ ရက်က ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှ စိုက်ပျိုးရေးသုံး တရားမဝင် ပိုးသတ်ဆေးများ ဖမ်းဆီးခဲ့ကြောင်းသိရသည်။

စိုက်ပျိုးရေး ဆေးအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများပြုလုပ်ရာ ပြည်မြို့ ဈေးကြီးအနီး ကမ်းနားလမ်းတွင်ဖွင့်လှစ်ထားသည့် ဓနမြိုင် စိုက်ပျိုးရေးဆေးပစ္စည်းဆိုင်မှ ကျပ်သိန်း ၂၀ ကျော်တန်းဖိုးရှိ တရားမဝင်စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများအား ဖမ်းဆီးရခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသည့် ပိုးသတ်ဆေးများမှာ ထိုင်းဘာသာ၊ တရုတ်ဘာသာများဖြင့် ရေးသားထားကာ လူနှင့် တိရိစ္ဆာန်များအတွက် အန္တရာယ်ဖြစ်စေသည့် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး ၈ မျိုးဖြစ်ကြောင်း၊ ပြည်မြို့နယ်အတွင်း ပညာပေးကာလအဖြစ် ၃ ကြိမ် တိတိ သတိပေးတားမြစ်ခဲ့ပြီးနောက် ယခုကဲ့သို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးကာ အရေးယူ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြည်မြို့နယ် စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးအောင်ဆန်းဝင်းက ပြောသည်။

“ပိုးသတ်ဆေး တရားမဝင်ရောင်းချမှုကို ပြည်မြို့နယ်အနေနဲ့ ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုတွေ လုပ်လိုက်တယ်။ တွေ့တဲ့ဆေးတွေက သိန်းငှက်ပုံနဲ့ ထိုင်းစာပါတဲ့ဟာမျိုးရယ်၊ တရုတ်စာပါတဲ့ ပိုးသတ်ဆေးလိုဟာမျိုးတွေပါ။ မြန်မာစာ မပါတဲ့ဟာ မှန်သမျှကို ဖမ်းဆီးစစ်ဆေး ထိန်းသိမ်းသွားတာပါ။ အခုလောလောဆယ် ဓနမြိုင်ဆိုင်ကို လိုင်စင်ပိတ်သိမ်းမယ်၊ ဆိုင်ကိုအကန့်သတ်မရှိ ပိတ်သိမ်းမယ်” ဟု ပြည်မြို့နယ် စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးအောင်ဆန်းဝင်းက ပြောသည်။

အဆိုပါ ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်း တရားမဝင် ပျံ့နှံ့နေပြီး ဖမ်းဆီး အရေးယူမှုများပြုလုပ်ရန် လိုအပ် နေကြောင်း၊ တရုတ်စာ၊ ထိုင်းစာများနှင့် မျိုးစေ့များမှာလည်း ရေရှည်တွင် တောင်သူများအတွက် ပြဿနာ ရှိနိုင်သည့် အတွက် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း ပြည်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

“ပဲခူးတိုင်းမှာ ပထမဆုံးအကြိမ် ဖမ်းဆီးရမိတာပါ။ တောင်သူလယ်သမား အကျိုးစီးပွားကို ကာကွယ်ဖို့ ဒါမျိုးတွေ အများကြီးကို လုပ်ဖို့လိုတာပါ။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတင်မဟုတ်ဘူး။ ဓာတ်မြေသြဇာတွေ အရည်အသွေး ပြည့်၊ မပြည့်တာတွေ နောက်တခုက ယိုးဒယားနာမည်တွေ တရုတ်နာမည်တွေနဲ့ဝင်နေတဲ့ မျိုးစေ့တွေ တောင်သူတွေကလည်း ဘာမျိုးမှန်းမသိဘဲ ဝယ်စိုက်နေတယ်။ ဒါတွေကို စနစ်တကျအမြန်ဆုံး တည့်မတ်ပြီးတော့ သေချာဆောင်ရွက်သင့်ပါပြီ” ဟု ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆက်ပြောသည်။

တရုတ်စာ၊ ထိုင်းစာများဖြင့်ရေးသားထားသော ကြွက်သတ်ဆေး၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးမျိုးစုံပါဝင်ပြီး ယမန့်နေ့က ပြည်မြို့ပေါ်ရှိ စိုက်ပျိုးရေးပစ္စည်းရောင်းဝယ်သည့် ဆိုင် ၆ ဆိုင် ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရာတွင် ဓနမြိုင်ဆိုင်တွင် တရားမဝင်ပိုးသတ်ဆေးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ပြည်မြို့ပေါ်တွင် စိုက်ပျိုးရေးဆေးပစ္စည်း ဆိုင်ပေါင်း ၅၀ ကျော်ရှိပြီး ယခုလို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများကို မကြာခဏပြုလုပ်သွားမည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading