ကုန်သေတ္တာတင်ယာဉ်များ ညဘက်တွင်သာ မောင်းနှင်ရန် စည်းကမ်းချက်များ အတည်ပြု ထုတ်ပြန်ခဲ့ရာတွင် သတ်မှတ်စည်းကမ်းများအတိုင်း လိုက်နာကြရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ရန်ကုန်မြို့တော်ခန်းမတွင် သတင်းမီဒီယာများကိုပြောသည်။
ကုန်တင်ယာဉ်များအား မြို့တွင်းသတ်မှတ်လမ်းကြောင်းအတိုင်း ည ၉ နာရီမှ မနက် ၆ နာရီ အ တွင်းသာ မောင်းနှင်ရန် စည်းကမ်းချက်များ ဒီဇင်ဘာ ၇ ရက်နေ့မှစတင်ကာ လိုက်နာကျင့် သုံးရန် အတည်ပြု ထုတ်ပြန် ခဲ့ပြီးနောက် ယနေ့ဒီဇင်ဘာ ၈ ရက်နေ့မနက်ပိုင်းတွင်ပင် ကုန်တင်ယာဉ်များ ရပ်တန့်ထားမှုကြောင့် ကမ်းနား လမ်းတွင် ယာဉ်ကြောကြပ်တည်းမှုများ ဖြစ်ပေါ်ခဲ့သည်။
ဦးဖြိုးမင်းသိန်းက “ကားမကျပ်ဘဲ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်ပြီး ရှေ့ဆက်သွားလို့ မရပါဘူးဆိုတာ မျိုးလည်း ညက ကြုံခဲ့ပါတယ်။ ဒီနေ့မနက်ကျတော့ ကွန်ကရစ်လမ်းပေါ် ဝင်မယ့်နေရာမှာ ရှေ့ကားက ၆ နာရီထိုးပြီဆိုပြီး ရပ်ထားတော့ နောက်ကားတွေက ဝင်လို့မရတော့ဘူး။ ကုန်စည်လည်း သိပ်အများကြီး မရှိတဲ့ အချိန်မှာ ည ၁၂ နာရီ လောက်က ဘာကားတစီးမှမရှိဘူး။ ကားကျပ်တာမရှိပါဘူး”ဟု ပြောသည်။
ယာဉ်လမ်းကြောင်းပိတ်ဆို့မှုနှင့် ပတ်သက်ပြီး ကွန်တိန်နာယာဉ်မောင်းများ အနေဖြင့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခြင်း မဟုတ်ဘဲ သတ်မှတ်ချိန်ပြည့်၍ လမ်းများပိတ်ဆို့နေသဖြင့် ကားများရပ်တန့်ထားရ ခြင်းသာဖြစ်ကြောင်း ကွန်တိန်နာ ယာဉ်မောင်းများက ပြောကြသည်။
ယင်းသို့ကမ်းနားလမ်းမ လမ်းတခြမ်းယာဉ်ကြောအပြည့် ကားများ ပိတ်ဆို့ရပ်တန့်မှုကြောင့် ခရီးသွားပြည်သူများ အခက်အခဲကြုံတွေ့ခဲ့ရပြီး လမ်းကြောပြည့်ကားများ ရပ်တန့်ထားသည့် လုပ်ရပ်အပေါ် ဝေဖန်ပြောကြားမှုများ ရှိခဲ့သည်။
ယနေ့မနက်ဖြစ်ပွားခဲ့သည့် ယာဉ်ကြောပိတ်ဆို့မှုနှင့် ပတ်သက်၍လည်း ကွန်တိန်နာယာဉ်မောင်း များအား တွေ့ဆုံ ဆွေးနွေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ယနေ့ညနေပိုင်းတွင် ခေါ်ယူ ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့က သိရသည်။
ရန်ကုန်တိုင်းဒေသေကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှ ဒီဇင်ဘာ ၇ ရက်မှ စတင်ကာ ကုန်သေတ္တာယာဉ်များနှင့် ယာဉ်+ကုန် ၉ တန်အထက် ယာဉ်များမှာ အောက်မင်္ဂလာဒုံ လမ်း၊ သံသုမာလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ရှုခင်းသာလမ်း၊ ဧရာဝဏ်လမ်း၊ သုဓမ္မာ လမ်းတို့မှ ည ၉ နာရီမှ မနက် ၆ နာရီ အတွင်းသာ ဖြတ်သန်းမောင်းနှင်ရန် သတ်မှတ်ထုတ်ပြန်ထား သည်။
ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်ကြီးနှင့် ဘုရင့်နောင်ပွဲရုံသို့ ပြည်နယ်၊ တိုင်း အသီးသီးမှ ဝင်ရောက် လာမည့် အဝေးပြေး ကုန်တင်ယာဉ်များအနေဖြင့် ဒညင်းကုန်းလမ်းဆုံ မှတဆင့် ဘုရင့်နောင်လမ်း မကြီးအတိုင်း ၂၄ နာရီ ပတ်လုံး တိုက်ရိုက်ဝင်ရောက်ခွင့်ပြုထားသည်။
ယင်းအစီအစဉ်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ကတည်းကစတင်ရန် ကြေညာ ခဲ့သော်လည်း အဆင်မပြေမှု အချို့ကြောင့် အကြိမ်ကြိမ် ရွေ့ဆိုင်းခဲ့ရပြီး ဒီဇင်ဘာ ၇ ရက်နေ့မှသာ စတင်ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ စည်ကမ်းချက်များ ထုတ်ပြန်ထားသော်လည်း ကုန်စည်စီးဆင်းမှုများသည့် ကာလများတွင် ကုန်တင် ယာဉ်များ အတွက် လိုအပ်ပါက နေ့လည်ဘက်တွင်ပါ သွားလာခွင့်ပြုရန် စီစဉ်ထားမှု များလည်းရှိကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။