အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ခန့်အပ်ထားတဲ့ ဝန်ကြီးတချို့ဟာ လွှတ်တော်တွေမှာ အဆိုတွေ၊ မေးခွန်းတွေ လာဖြေတဲ့အခါ အိမ်စာမလုပ်ဘဲ အောက်ခြေက တင်ပြပေးတဲ့အတိုင်း စာရွက်တွေ လာဖတ်နေတာတွေက လက်တွေ့ မြေပြင် အခြေအနေတွေနဲ့ ကွဲလွဲနေလို့ လွှတ်တော် ကိုယ်စားလှယ်တွေ အားမလို အားမရ ဖြစ်နေတယ်လို့ သိရပါတယ်။
ပြည်သူလူထု သိချင်တာတွေကို လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့မှာ အဆိုတွေ၊ မေးခွန်းတွေအဖြစ် တင်ပြပြီး ပြည်သူ့ကိုယ်စား မေးမြန်းတဲ့အခါ သက်ဆိုင်တဲ့ ကဏ္ဍအလိုက် ပြည်ထောင်စုအဆင့် ဝန်ကြီး၊ ဒုဝန်ကြီးတွေက လွှတ်တော်မှာ လာရောက်ပြီး ပြန်လည် ဖြေကြားရတာ ဖြစ်ပါတယ်။
အဲဒီလို ဖြေကြားတဲ့အခါမှာ ဝန်ကြီးတွေက အောက်ခြေကို မဆင်းဘဲ အတွင်းဝန်တွေ၊ ညွှန်ချုပ်တွေ ရေးပေးတဲ့အတိုင်းပဲ လာဖတ်ကြတာ များပြီး အများအားဖြင့် တကယ့် လက်တွေ မြေပြင်အခြေအနေနဲ့ ကင်းကွာပြီးတော့ ဖြေကြားတာ၊ တချို့ ကိစ္စတွေမှာဆိုရင် လိုရင်းမရောက်တာတွေ တော်တော်များများ ရှိနေတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ဧရာဝတီကို ပြောပါတယ်။
“ဆက်စပ်မေးခွန်းကို တော်တော်လေး ပြန်မေးနေရတယ်။ တချို့ကိစ္စတွေမှာ အမေးတခြား၊ အဖြေတခြား ဖြစ်တယ်။ အဲဒီအပေါ်မှာ ကျနော်တို့က တော်တော်လေးကို ဘဝင်မကျဘူးပေါ့ဗျာ။ တချို့ဟာတွေဆိုရင် တော်တော် ဆိုးဆိုးဝါးဝါး ဖြေတာတွေကို ရှိတယ်” လို့ ဦးတင်စိုးက ဆိုပါတယ်။
ဥပမာ အနေနဲ့ ထောက်ပြရရင် သူရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ဖားကန့်မှာ ကျောက်တူးဖော်ရေးလုပ်ကွက် ဧက ၁ သန်း ၇ သိန်းကျော် ရှိပြီး လုပ်ကွက် ချထားပေးတာက ဧက ၇၀၀၀ ကျော်သာ ရှိတာကြောင့် ကျောက်မျက်လုပ်ကွက်တွေ အများကြီး ရှိသေးတဲ့အကြောင်း၊ မကုန်နိုင်ဘူးဆိုတဲ့အကြောင်း ဝန်ကြီးက ပြောပေမယ့် တကယ်တမ်း မြေပြင်မှာက ဒီပုံစံမျိုးနဲ့သာ ဆက်လုပ်နေရင် နောက် ၃၊ ၄ နှစ်ဆို သဘာဝ သယံဇာတတွေက ကုန်တော့မှာလို့ ဆိုပါတယ်။
“ဒီလိုမျိုး ဖြစ်နေတော့ ကျနော်တို့က သိပ်ပြီးတော့ အားရကျေနပ်မှု မရှိဘူးပေါ့” လို့ သူက ဆိုပါတယ်။
မအူပင် မဲဆန္ဒနယ်က ဦးစိန်ဝင်းကတော့ ပြည်ထောင်စု ဝန်ကြီးတွေ အနေနဲ့ လွှတ်တော်ထဲကို လာဖြေတဲ့အခါမှာ ကေ့စ် (အကြောင်းအရာ) ပတ်သက်လို့ အောက်ခြေက တင်ပြချက်တွေကို သေသေချာချာ လေ့လာပြင်ဆင်ပြီးမှ လွှတ်တော်ကို လာသင့်တယ်လို့ အကြံပြုပါတယ်။
“စာဖတ်ရမယ်။ လိုအပ်ရင် ဗီဒီယိုပါ ရိုက်ပြီးတော့ ကြည့်ရမယ်။ သူတို့ကို (အောက်ခြေက လူတွေကို) ပြန်ပြီးတော့ Question တွေ ပြန်ထုတ်ရမယ်။ အိမ်စာတွေ လုပ်လာခဲ့ရမယ်။ အဲဒီလို သေသေချာချာ ပြင်ဆင်ပြီးမှ လွှတ်တော်ကို လာသင့်တယ်” လို့ ဦးစိန်ဝင်းက ပြောပါတယ်။
အဲဒီလို ပြင်ဆင်လာမယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေက ဘယ်လိုမေးမေး သူသေချာလေ့လာထားတဲ့ အချက်အလက်တွေနဲ့ ဗီဒီယိုဖိုင်တွေကြောင့် သေချာ နားလည်အောင် ပြန်ရှင်းပြနိုင်မှာ ဖြစ်ကြောင်း၊ ဝန်ကြီးတွေဟာ ဒီလိုမျိုး လာဖြေဖို့အတွက် သက်ဆိုင်ရာ ညွှန်ချုပ်တွေနဲ့ အောက်ခြေမှာ တာဝန်ခံ လုပ်နေတဲ့ ဝန်ထမ်း အကြီးအကဲကို ခေါ်ပြီး ၎င်းတို့ရဲ့ သဘောထားတွေကို ဆက်စပ်ပြီးတော့ စာတမ်းပြုစုပြီး ဖြေကြားသင့်တယ်လို့ ဦးစိန်ဝင်းက ဆိုပါတယ်။
“အဲဒီလို မဟုတ်ဘဲနဲ့ လက်ရှိ အခြေအနေကို ကြည့်ရတာက ဝန်ကြီးနားမှာနေတဲ့ ညွှန်ချုပ်တွေကပဲ ကောက်ရေးတာကို ပြောတဲ့အခါကျတော့ အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို ဝင်ကြည့်ထားတဲ့ အန်ကယ်တို့လို့ လွှတ်တော်သမားတွေက အောက်ခြေရဲ့ အခြေအနေနဲ့ ဝန်ကြီးဖြေတာနဲ့က ကွာဟနေတယ်” လို့ ဦးစိန်ဝင်းက ဆိုပါတယ်။
လွှတ်တော်မှာ သွားရောက်ဖြေဆိုရတဲ့ ဝန်ကြီးတွေအခြေအနေနဲ့ ပတ်သက်ပြီး လွှတ်တော်ဘက်က မေးခွန်းတွေ ပို့လာရင် ဘယ်အချိန်မှာ ပြန်ဖြေကြား နိုင်တယ်ဆိုတာ အရင်ဆုံး ညှိနှိုင်းရပြီးတော့ အစိုးရကိုယ်စား သွားဖြေနိုင်မယ့်ရက်၊ လွှတ်တော် ကျင်းပနေတဲ့ရက်၊ တခြား ဝန်ကြီးဌာနတွေနဲ့ တိုက်ဆိုင်မှု ရှိ၊ မရှိ ရက်ကိုပါ ချိန်ညှိပြီးတော့ မေးခွန်းတွေကို ဖြေဖို့အတွက်ကို ပြင်ဆင်ရတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဧရာဝတီကို ပြောပါတယ်။
“ဖြေရမယ့် မေးခွန်းကို ဝန်ကြီးတွေက မကြည့်ခင်မှာ ဖြေရမယ့် အချက်အလက်တွေကို အောက်ခြေအဆင့်ဆင့်က စုဆောင်းပေးတယ်။ သူ့သက်ဆိုင်ရာ ဌာနကပေါ့နော်။ လူမှုရေး ကိစ္စတွေဆိုရင် လူမှုဝန်ထမ်း ဦးစီးဌာနက ဖြေတယ်။ ကယ်ဆယ်ရေးနဲ့ ပတ်သက်ရင် သက်ဆိုင်ရာ ဌာနက ဖြေတယ်။ သူ့ဌာနအလိုက် ပညာရှင်တွေ ရှိတယ်” လို့ ဒေါက်တာ ဝင်းမြတ်အေးက ဆိုပါတယ်။
ဝန်ကြီးဌာနက သက်ဆိုင်ရာ ပညာရှင်က အကြမ်းကို ပြင်ဆင်ပေးပေးတာကို ဝန်ကြီးက ဖတ်ပြီး ဖတ်တဲ့အခါမှာတော့ တော်တော်လေး အချိန်ယူပြီး သေသေချာချာ ဖတ်ရကြောင်း၊ မေးထားတဲ့ မေးခွန်းမှာ လွှတ်တော် ကိုယ်စားလှယ်တွေက ဘာလိုချင်တာလဲဆိုတာ လေ့လာရပြီး သူတို့ ကျေနပ်တဲ့ အဖြေမျိုးရအောင် ဆောင်ရွက်ပေးရတာမျိုးလည်း ရှိတယ်လို့ အစိုးရဘက်က သိရပါတယ်။
“လွှတ်တော် ကိုယ်စားလှယ် ဘာလိုချင်တာလဲပေါ့။ ဌာနက တင်ပေးလိုက်တဲ့ အထဲမှာ ကျေနပ်ဖွယ် ဖြစ်မလားပေါ့။ မကိုက်သေးဘူး ဆိုရင် ပြန်ပြီး အချက်အလက်တွေ ရှာခိုင်းရတယ်။ ကျနော်တို့ကျတော့ မသိဘူး။ သူ့ဌာနကိုပဲ ပြန်ရှားခိုင်းလိုက်တယ်။ ပြန်တင်ခိုင်းတယ်။ တခါတလေကျရင် ၃ ခါလောက် လုပ်ရတယ်။ တခါတလေ ၂ ခါလောက် လုပ်ရတယ်။ တခါတည်းနဲ့ ပြီးသွားတယ်ဆိုတာ မရှိဘူး” လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
ဆက်စပ်မေးခွန်းတွေ ဆိုရင်တော့ ဖြေရတာ အခက်အခဲ တချို့ရှိပြီး ဝန်ကြီးတွေရဲ့ ဖြေကြားချက်တွေအပေါ် ဘဝင်မကျတာ၊ မလုံလောက်သေးဘူးလို့ ထင်တာမျိုးတွေကိုတော့ ကိုယ်စားလှယ်တွေက ပြန်မေးလေ့ရှိတယ်လို့ အစိုးရဆီက သိရပါတယ်။
“အဲဒီလို မေးလာရင် ဖြေနိုင်အောင်ဆိုပြီး လေ့လာသွားတယ်။ အဖြစ်အပျက်တွေက နဂိုက ဖြစ်တာတွေ ရှိတယ်။ အခု ဖြစ်တာတွေလည်း ရှိတယ်။ ကျနော်တို့က နဂိုတုန်းက အကြောင်းအရာတွေကို မသိရင် ဖြေရခက်ပြန်ရော။ အဲဒါမျိုးကတော့ အခက်အခဲ ရှိတာပေါ့” လို့ ဝန်ကြီးက ဆိုပါတယ်။
အခု တိုင်းပြည်မှာ ဖြစ်နေတဲ့ အပြောင်းအလဲမှာ အပေါ်ပိုင်းကသာ ပြောင်းလဲမှု ရှိပြီး အောက်ခြေကို မရောက်ရသေးတဲ့ အကြောင်းက ဝန်ကြီးဌာနတခုမှာ ဝန်ကြီးတဦးပဲ ပြောင်းတာ၊ ဝန်ကြီးဟာ စွမ်းဆောင်ရည် မြင့်မားသူတဦး မဟုတ်ပါရင် အစိုးရ အရာရှိကြီးတွေရဲ့ စကားကို နားယောင်ပြီးတော့ ပြောင်းလဲမှုများတွေကို ထိရောက် အောင်မြင်အောင် မလုပ်နိုင်တော့ဘူးလို့ လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းက ပြောပါတယ်။
“ဝန်ကြီးဌာနတိုင်းမှာ ဝန်ကြီးတပါးပဲ ပြောင်းတာ။ သူ့မှာ တိုးတိုး တိုင်ပင်ဖော်တောင် မရှိဘူး။ ဒီဘက်မှာကျတော့ လွှတ်တော် ကိုယ်စားလှယ်တွေက အောက်ခြေမြို့နယ်က ကိစ္စတွေကို သိတယ်။ ကျနော်တို့ရလာတဲ့ အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို ဝန်ကြီးကို ပြောပြမယ်။ အဲဒီလိုနဲ့ အောက်ခြေနဲ့ အပေါ်ပိုင်း ညှပ်ပြီးတော့ အပြောင်းအလဲတွေ ဖြစ်အောင် လုပ်ရမယ်” လို့ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောပါတယ်။
ဝန်ကြီးဌာနတွေမှာ အခုချိန်အထိ ဗျူရိုကရေစီ ယန္တရား ဆက်လက် ရှင်သန်နေပြီး ဌာနဆိုင်ရာတွေ အနေနဲ့ အများပြည်သူ အကျိုးအတွက် ထိထိရောက်ရောက် အလုပ်လုပ်နိုင်ဖို့ လူမှန်နေရာမှန် ဖြစ်ရန် လိုအပ်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ရှိတဲ့ ဆရာဝန်တဦးက ပြောပါတယ်။
“အခုချိန်အထိ ဌာနတွေမှာ လုပ်ပိုင်ခွင့်ရှိတဲ့ နေရာတွေ အားလုံးက တပ်မတော် အငြိမ်းစား မိုးကျရွှေကိုယ်တွေချည်းပဲ။ အဲဒီလို လူတွေ အောက်မှာ မလုပ်ချင်လို့ ထွက်သွားတာက တကယ့်ပညာရှင်တွေ။ အဲဒီလို ပြဿနာမျိုး ပြေလည်မှ ကျန်တာတွေ ရှင်းနိုင်မယ်လို့ ကျနော်ထင်တယ်” လို့ အသက် ၃၀ ကျော်အရွယ် ယင်းအရာရှိက ပြောပါတယ်။
အဲဒီလို ဖြစ်စဉ်တွေကြောင့် ဝန်ကြီးတွေ အနေနဲ့ စားပွဲခုံပေါ်မှာပဲ ထိုင်မနေဘဲ ၎င်းတို့နဲ့ ဆက်စပ် ပတ်သက်တာတွေကို ကိုယ်တိုင် ဆင်းပြီး လေ့လာစေချင်တဲ့အကြောင်း၊ အကုန်လုံး မဟုတ်တောင် အရေးကြီးတဲ့ ကိစ္စရပ်တွေကိုတော့ အောက်ခြေအထိ ဆင်းပြီး လေ့လာဖို့ လိုကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
“ဆင်းတဲ့အခါမှာလည်း ရဟတ်ယာဉ်နဲ့လာပြီး လုပ်ငန်းရှင်တွေနဲ့ တွေ့ပြီး ပြန်သွားတာမျိုးလည်း မဖြစ်စေချင်ဘူး။ ထဲထဲဝင်ဝင် သိအောင် လေ့လာရမယ်လို့ ကျနော်အနေနဲ့ ပြောချင်တယ်” လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ပြောဆိုပါတယ်။