သတင်း

ရခိုင်ပြည်နယ် ဘတ်ဂျက် လျော့နည်း၍ ဖွံ့ဖြိုးရေး အခက်အခဲ ဖြစ်နိုင်ဟု ဆို

ရခိုင်ပြည်နယ်၏ ဒေသဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရမှ ဘတ်ဂျက်ငွေ ချထားပေးရာတွင် ယခင် ဘဏ္ဍာနှစ် ဘတ်ဂျက်ထက် နည်းပါးနေသည့် အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အခက်အခဲ တွေ့နိုင်ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ က ပြောသည်။

ရခိုင်ပြည်နယ်အတွက် သုံးစွဲရန် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အတွက် ဗဟို အစိုးရက ချပေးသော ဘတ်ဂျက်သည် ကျပ် ၁၄၂ ဘီ လီယံ ဖြစ်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် က ၁၄၅ ဘီလီယံ ရရှိခဲ့သည့် အတွက် ယခင်နှစ်ထက် ၃ ဘီလီယံ လျော့ကျသွားကြောင်း ပြည်နယ် လွှတ်တော်က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်သည် မြန်မာတနိုင်ငံလုံး၌ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်ဖြစ်ပြီး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်မီးသုံးစွဲနိုင်မှု၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများအတွက် ဘတ်ဂျက်ငွေ အများအပြား လိုအပ်နေ ကြောင်း သို့သော် လက်ရှိ အစိုးရ လက်ထက်တွင် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍကို ပြည်ထောင်စု အစိုးရက တိုက်ရိုက် ကိုင်တွယ်မည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ် လွှတ်တော်၏ ဒုတိယ ဥက္ကဌ ဦးဖိုးမင်းက “ရခိုင်ပြည်နယ်ဟာ ဒုတိယ အဆင်းရဲဆုံး ဖြစ်နေတော့ ဖွံ့ဖြိုးရေး အ တွက် လုပ်စရာ တွေအများအပြားရှိနေပေမယ့် ဘာကြောင့် ဘတ်ဂျက် လျှော့ချလိုက်ရတာလည်း ဆိုတာတော့ ကျနော်တို့လည်း နားမလည်နိုင်ဘူး”ဟု ဧရာဝတီကို ပြောသည်။

ပြည်နယ်နှင့်တိုင်းဒေသများ၏ ဘတ်ဂျက်ငွေ သုံးစွဲမှုအား ဘဏ္ဍာရေးနှစ် အလိုက် သက်ဆိုင်ရာ လွှတ်တော်များက ရေးဆွဲ တင်ပြနိုင်သော်လည်း ပြည်ထောင်စု အစိုးရက ချထားပေးသည့် ငွေ ပမာဏကိုသာ ခွဲဝေသုံးစွဲခွင့် ရှိကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု အစိုးရက ချပေးသည့် ဘတ်ဂျက်အား ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခု နှင့် မြို့နယ်ခွဲ ၆ ခု ဝန်းကျင်တို့က ခွဲဝေသုံးစွဲရမည် ဖြစ်၍ ကျပ် ၁၄၂ ဘီလီယံသည် အလွန်နည်းပါးသည်ဟု ကိုယ်စားလှယ်များ ပြောသည်။

ရခိုင်ပြည်နယ်အတွက် ဘတ်ဂျက် လိုအပ်ငွေသည် ဘဏ္ဍာနှစ်အလိုက် ဘီလီယံ ၃၀၀ ဝန်းကျင် လိုအပ်မည်ဟုလည်း ဆိုသည်။

ထို့အတူ လက်ရှိချပေးသည့် ဘတ်ဂျက်ငွေတွင်လည်း အဓိက လိုအပ်နေသည့် လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ် စစ်မီး ရရှိရေး စသည်တို့အတွက် သုံးစွဲငွေ နည်းပါးနေပြီး၊ အစိုးရ ဝန်ထမ်းများအတွက် အဆောက်အအုံ များကို သာ ဦးစား ပေး ဆောက်လုပ်နေခြင်းသည်လည်း မဖြစ်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းမောင် က ပြောသည်။

ဦးသိမ်းမောင်က “ရခိုင်မှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် လုပ်စရာတွေကို လွှတ်တော်က အမြဲတွန်း အားပေး နေ တာရှိပေမယ့် အစိုးရရဲ့ လုပ်ဆောင်ချက်ကတော့ လက်ရှိမှာ နှေးကွေးနေတယ်လို့ ပြောရမှာပါ”ဟု ဆိုသည်။

“ပညာရေးနဲ့ကျန်းမာရေး ကဏ္ဍကို ဗဟိုအစိုးရ က ကိုင်ပေမယ့် ရခိုင်ပြည်နယ် အတွက် ချပေးတဲ့ ဘတ်ဂျက်က အရမ်း နည်းနေတယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် အများကြီး ရှိနေပါတယ်”ဟုလည်း ဦးသိမ်းမောင် က ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွက် ဘတ်ဂျက်ငွေသည် တဖြည်းဖြည်း တိုးမြှင့် သုံးစွဲလာနေပြီး၊ တိုင်းနှင့်ပြည်နယ်များအတွက် ဘတ်ဂျက် ရေးဆွဲရာတွင်လည်း လူဦးရေ အချိုးအစား၊ ဒေသအခြေအနေ၊ ဖွံ့ဖြိုးမှု၊ ဆင်းရဲမှု စသည့် အချက်အလက် များ အပေါ် အခြေခံ၍ တွက်ချက်ပေးခြင်း ဖြစ်သည်ဟု ရခိုင် ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။

ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရ ချပေးသည့် ဘဏ္ဍာငွေကိုသာ အားထား မ နေဘဲ ဒေသထွက် သယံဇာတများမှ ခွဲဝေသုံးစွဲခွင့်၊ ဒေသတွင်း စီးပွားရေး လုပ်ငန်းများ၊ ရေလုပ်ငန်းများမှ အခွန်အခ များ ဖြင့် လုပ်ဆောင်ခွင့် ရမည်ဆိုပါက ရခိုင်ပြည်နယ်သည် ကာလတိုအတွင်း ဖွံ့ဖြိုးတိုးတက်သွားနိုင်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များ က ပြောဆိုကြသည်။

သို့သော် ၂၀၀၈ ဖွ့ဲစည်းပုံ အခြေခံ ဥပဒေအရ ပြည်နယ် အစိုးရနှင့်ပြည်နယ် လွှတ်တော်သည် ဒေသထွက် သယံဇာများ အား စီမံခန့်ခွဲ ပိုင်ခွင့်၊ အခွန်အခများအား ကောက်ခံ သုံးစွဲပိုင်ခွင့် မရှိပေ။ သို့သော် စည်ပင်သာယာ ကဲ့သို့သော အသေးစား လုပ်ငန်း တချို့ထံမှ အခွန် ကောက်ခံနိုင်သည်။

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်သော ဦးဖိုးမင်း က “ကျနော်တို့ ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရခိုင် ဒေသက ထွက်တဲ့ သယံဇာတတွေကပဲ နည်းနည်းစီ သုံးစွဲခွင့်ပေးရင်တောင် လုပ်လို့ရတယ်၊ အခုက ရခိုင်ပြည်နယ်က ထွက်တဲ့ သယံဇာတတွေက အခွန်တွေ ဘယ်လောက်ရတယ်၊ ဘယ်မှာ သုံးနေတယ် ဆိုတာတောင် သိပိုင်ခွင့် မရှိပါ ဘူး၊ ပွင့်လင်း မြင်သာအောင် လုပ်သင့်ပြီလို့ မြင်ပါတယ်”ဟု ဆိုသည်။

Loading