ရန်ကုန်မြို့တွင်း စည်ပင်လိုင်စင်ယူ၍ ဖွင့်လှစ်ထားသည့် တန်ဖိုးနည်း တည်းခိုခန်း (Hostel) တချို့၌ နိုင်ငံခြားသားများ တည်းခိုခွင့် ပေးနေမှုအပေါ် စည်ပင်နည်းဥပဒေ ထွက်ပေါ်လာချိန်၌ အရေးယူသွားရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောသည်။
“တည်းခိုခန်း မှန်သမျှကို စည်ပင်ကနေ စာရင်းကောက်ယူနေပြီ။ Hostel နဲ့ ပတ်သက်တဲ့ မူဘောင်တခုကို ရေးဆွဲမယ်။ နည်းဥပဒေ ထွက်လာရင် စည်းကမ်း ချိုးဖောက်ထားတဲ့ Hostel လုပ်ငန်းရှင်တွေကို ဥပဒေအတိုင်း အရေးယူဖို့ အစီအစဉ် ရှိတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။
ဒီဇင်ဘာ ၇ ရက်က ရန်ကုန်မြို့ရှိ Royal Garden ဟိုတယ်၌ ပြုလုပ်သည့် တာဝန်သိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဖိုရမ်တွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင်း၌ စည်ပင်လိုင်စင်ယူ၍ ဖွင့်လှစ်ထားသည့် Hostel များကို အများအပြား တွေ့ရကြောင်း၊ ထိုတည်းခန်းများ၌ နိုင်ငံခြားသားများကို တည်းခိုခွင့်မပြုသည့် သတ်မှတ်ချက် ပါဝင်ကြောင်းလည်း ဒေါ်နော်ပန်းသဉ္ဇာမျိုးက ဆက်ပြောသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက လက်ရှိပြဌာန်းထားသည့် ၂၀၁၃ ခုနှစ် ဥပဒေအရ နိုင်ငံခြားသားများကို Hostel များတွင် တည်းခိုခွင့် မပြုထားသောသော်လည်း တချို့က တည်းခိုခွင့် ပေးနေမှုကြောင့် စည်ပင် နည်းဥပဒေသစ် ထွက်ရှိလာပါက အရေးယူမှု ပြုလုပ်သွားမည်ဟု ဆိုသည်။
မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက “တချို့က နားမလည်တာ ပါတယ်။ တချို့က နားလည်ရဲ့သားနဲ့ ဧည့်သည်ရဲ့ တည်းခိုမှုအပေါ် လက်ခံတာ ရှိတယ်။ ခရီးသွားပိုင်းမှာ သူ့နည်းနဲ့သူ ထိခိုက်မှု ရှိနေတယ်။ တချို့က ကျပ် ၅၀၀၀ နဲ့ လက်ခံတယ်။ တချို့က ၃၀၀၀ လက်ခံတာ ရှိတယ်”ဟု ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ခွင့်ပြုပေးသော လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် Hostel များ၊ တည်းခိုခန်းများ ၌သာ နိုင်ငံခြားသား တည်းခိုနေထိုင်ခွင့်ရှိပြီး စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုထားသည့် လိုင်စင်ဖြင့် ဖွင့်လှစ် လုပ်ကိုင် နေသည့် တန်ဖိုးနည်း တည်းခိုခန်းနှင့် ဧည့်ရိပ်သာ (Guest House) များ၌ ပြည်တွင်း ဧည့်သည်များသာ တည်းခို ခွင့် ပြုထားကြောင်း သိရသည်။
တကိုယ်တော် နိုင်ငံခြားသားခရီးသွား ဧည့်သည်များသည် ရန်ကုန်မြို့တွင်းရှိ အဓိကကျသည့် နေရာများ၌ ၂ ထပ် ခုတင် များဖြင့် ဈေးဈေးပေါပေါ တည်းခိုနိုင်သည့် တန်ဖိုးနည်း တည်းခိုခန်းတချို့တွင် တရားမဝင် တည်းခိုနေသည်ကို စိစစ် တွေ့ရှိ ထားသည်ဟု ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောဆိုသည်။