တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် တချို့ကို အကြမ်းဖက် အဖွဲ့အစည်းနှင့် အကြမ်းဖက် လူပုဂ္ဂိုလ် အဖြစ် သတ်မှတ်ရန် ဆောင်ရွက်နေမှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း အစိုးရနှင့် တနိုင်ငံလုံး ပတ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ထုတ်ပြန် ကြေညာလိုက်သည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်ရှိ ကြိုးပမ်းနေသော အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နေမှုများကို ထိခိုက်စေနိုင်သဖြင့် ယင်းသို့ ဆန့်ကျင် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် အပစ်ရပ် ၈ ဖွဲ့၏ ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။
PPWT/CT အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း က “လွှတ်တော်မှာ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်းတွေကို မတရားအသင်း အနေနဲ့ သတ်မှတ်မယ်ဆိုတဲ့ ကြိုးပမ်း ဆောင်ရွက်နေတာတွေဟာ မဖြစ်သင့်ဘူး။ ဒါက အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မှုဖြစ်မယ့် ဆောင်ရွက်မှုပဲလို့ မြင်လို့ ကျနော်တို့ သဘောထားကို တင်ပြခြင်းဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရနှင့် NCA လက်မှတ် ရေးထိုးခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့် လုပ်ငန်းအဖွဲ့ (PPWT/CT) တို့၏ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် ယခုလ ၁၀၊ ၁၁ ရက်နေ့များက ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးအပြီးတွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကွတ်ခိုင် မြို့နယ်တို့တွင် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက စပြီး မြန်မာပြည်မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုဟု အမည်ပေးထားသော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က မဟာမိတ် စစ်ဆင်ရေး ပြုလုပ်ခဲ့သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး KIA ၊ TNLA ၊ MNDAA ၊ AA တို့အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပေးရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် တဦးက ရှမ်းပြည်နယ်လွှတ်တော် အဆို တင်သွင်းခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်နေ့က ပြုလုပ်သည့် အစည်းဝေးတွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့သည်။
ယင်းမတိုင်မီ ဒီဇင်ဘာလ ၂ ရက်နေ့က ပြည်သူ့ လွှတ်တော်တွင်လည်း မြောက်ပိုင်း တိုက်ပွဲများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တဦးက အဆိုတင်ရာမှာ တပ်မတော်သား ကိုယ်စားလှယ်က မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း လွှတ်တော်က မှတ်တမ်းသာ တင်ခဲ့သည်။
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုံခြုံရေး၊ ကာကွယ်ရေး ကိစ္စများကို ပြည်နယ် လွှတ်တော်များက ဆွေးနွေး၊ ဆုံးဖြတ်ခွင့် မရှိကြောင်း၊ ယခုကဲ့သို့ ရှမ်းပြည်နယ် လွှတ်တော်အနေဖြင့် ဆွေးနွေး ဆုံးဖြတ်ခြင်းသည် ၎င်းတို့ကိုယ်တိုင် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု PPST အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အမှန်တကယ်ကတော့ ဒီကိစ္စကို ပြည်ထောင်စု လွှတ်တော်မှာပဲ ဒီကိစ္စကို ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ သို့သော်လည်း ဘယ်ကပဲလာလာ မိုးလေဝသ စီးကြောင်းတွေ ဒီလိုမြှင့်တင် လုပ်ဆောင်နေတာက ရည်ရွယ်ချက်ကတော့ သိပ်မကောင်းဘူးလို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ တသက်လုံး ရန်သူအဖြစ် စစ်ကြေညာထားသလို ဖြစ်သွားနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပဋိပက္ခဖြစ်နေသည့် တိုင်းရင်းသား လက်နက် အဖွဲ့အစည်းများကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ရန် ဆောင်ရွက်ခြင်းများ ရည်ရွယ်ချက်ရှိရှိ ဆက်တိုက် လုပ်ဆောင် နေမှုများသည် ကောင်းမွန်သည့် ရည်ရွယ်ချက် မဟုတ်သကဲ့သို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက် နေမှုများ လုပ်ဆောင်နေမှုကို ရိုက်ခတ်မှုများ ရှိလာနိုင်သည်ဟု ဆိုသည်။
အကြမ်းဖက်အဖွဲ့အစည်း၊ အကြမ်းဖက် လူပုဂ္ဂိုလ်အဖြစ် လွှတ်တော်တရပ်ရပ်က သတ်မှတ်လိုက်လျှင် ထိုဥပဒေသည် နိုင်ငံတကာ ဥပဒေကဲ့သို့ ဖြစ်လာခဲ့လျှင် ကြောက်စရာကောင်းသည့် အဆင့်ကို ရောက်သွားနိုင်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ထောက်ပြသည်။
“မတရားအသင်း သတ်မှတ်တဲ့ ဥပဒေက အများကြီး ပျော့ပြောင်းတယ်ဗျ။ ဥပမာဗျာ … အကြမ်းဖက် အဖွဲ့အစည်းလို့ လွှတ်တော် တရပ်ရပ်က သတ်မှတ်လို့ရှိရင်၊ ဥပမာ သူနဲ့ ဆက်သွယ် ဆက်ဆံတဲ့အဖွဲ့တွေ၊ သူသွားနေထိုင် အခြေချတဲ့ နိုင်ငံခြား တိုင်းပြည်တွေက အကြမ်းဖက် အဖွဲ့အစည်းဆိုတဲ့ ဥပဒေနဲ့ ညှိသွားနိုင်တော့ ယုံကြည်မှု ပြန်လည် တည်ဆောက်ဖို့ ပြန်လည် ရင်ကြားစေ့ဖို့ ဆိုတာ ပိုမိုခက်ခဲ့သွားနိုင်တယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
အပစ်ရပ် ၈ အဖွဲ့အနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် NCA တွင် ပါဝင်လက်မှတ် ရေးထိုးရန် အဆင်သင့် မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် သော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရအနေဖြင့် သော်လည်းကောင်း အပြုသဘောဆောင်သော ငြိမ်းချမ်းရေးကို ရှေးရှုသည့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုးတိုးမြှင့် လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်ကို ကြေညာချက်တွင် တွေ့ရှိရသည်။