ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အယူအဆကို ထူထောင်၍ ယင်းသဘောတရားများကို ဆက်လက် ထုတ်ဝေဖြန့်ချိရန် ပြင်ဆင်နေသည့် မိုးပြာဂိုဏ်းကို ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနက တရားစွဲဆို အရေးယူရန် ဆုံးဖြတ်ထားကြောင်း သတင်းရရှိသည်။
ဗုဒ္ဓဘာသာတွင် အမြင့်ဆုံး သာသနာပိုင် အဖွဲ့တခုဖြစ်သည့် နိုင်ငံတော် သံဃာမဟာနယက အဖွဲ့က မိုးပြာဂိုဏ်း၏ အယူအဆများသည် ဗုဒ္ဓဘာသာ အယူအဆနှင့် ဆန့်ကျင်သဖြင့် ပြန်လည် ရုတ်သိမ်းပေးရန် တားမြစ်ထားသော်လည်း ဆက်လက် လှုပ်ရှားမှုများ ပြုလုပ်လာသဖြင့် တရားစွဲဆို အရေးယူရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက မီဒီယာများသို့ ပြောသည်။
ယနေ့ ကျင်းပသည့် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာစဉ် မီဒီယာများသို့ ပြောဆိုခြင်း ဖြစ်သည်။
ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် မိုးပြာဂိုဏ်း၏ သာဝကများ ကိုယ်စား ဦးနေဝင်းဆိုသူက ၄င်းတို့ ယခင်က ကိုးကွယ်ဆည်းကပ် ထုတ်ဝေဖြန့်ချိနေသော ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ စာအုပ်များ၊ CD ခွေများမှင့် တရားဓမ္မ ဟောပြော ဆွေးနွေး ခြင်းများကို ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက်တခု ထည့်သွင်းခဲ့သည်။
ထို့ကြောင့် ထိုကြေညာချက်ကို ကန့်ကွက်ကြောင်း မန္တလေးတိုင်း သာသနာရေး ဦးစီးမှူးက ကြေညာချက်တစောင်ကို ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပြန်လည် ထည့်သွင်းခဲ့ပြီးနောက် ဦးနေဝင်းကိုလည်း ခေါ်ယူတွေ့ဆုံ၍ ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် လက်မှတ်ရေးထိုး ခိုင်းခဲ့သော်လည်း ၄င်းက ငြင်းဆန်ခဲ့ကြောင်း သိရသည်။
“ဦးနေဝင်းကို တိုင်းသာသနာရေးမှူးကနေ ခေါ်ယူတွေ့ဆုံပြီး ပေးပေးထားပါတယ်။ လက်မှတ်ထိုးခိုင်းပါတယ်။ သို့သော် သူလက်မှတ် မထိုးပါဘူး။ သူတို့ ယုံကြည်ချက်အတိုင်း ဆက်လုပ်မယ်ဆိုတဲ့ သဘောမျိုး ပြောသွားပါတယ်။ အဲဒီလို ပြောသွားတဲ့အတွက် ထပ်မံ တရားစွဲပြီးတော့မှ ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းဖို့အတွက် ဥပဒေများနဲ့အညီ ဆက်လက် ပြီးတော့မှ ဝန်ကြီးဌာနက အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
မိုးပြာဂိုဏ်းခေါင်းဆောင် ဦးဉာဏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာပြီးနောက် ယခုကဲ့သို အဓမ္မဝါဒများကို ပုံနှိပ်ထုတ်ဝေ ဖြန့်ချိခြင်း၊ DVD ၊ CD ခွေများ ဖြန့်ဝေခြင်း၊ Soft Copy ၊ Hard Copy များ ပြုလုပ်ရန် ဆောင်ရွက်လာခြင်း ရှိလာကြောင်း သူရ ဦးအောင်ကိုက ပြောသည်။
မြန်မာ့ အလင်း သတင်းစာတွင် ကြေညာထည့်သွင်းခဲ့သူ ဦးနေဝင်းကမူ သာသာနာရေး တာဝန်ရှိသူများက ၄င်းကို ခေါ်ယူ၍ ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့သော်လည်း မိုးပြာဂိုဏ်း ခေါင်းဆောင် ဦးဉာဏ၏ အယူအဆ သဘောတရားများကို ဆက်လက် ဖြန့်ချိနိုင်ရန် စီစဉ်လျက် ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“အဓမ္မဝါဒဆိုပြီး မတရားဖိနှိပ်ခံရတာ ဖြစ်တဲ့အတွက် အခုလို ခေတ်ပြောင်း၊ စနစ်ပြောင်းကာလမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုတဲ့ အခြေခံ ဥပဒေကို မူတည်ပြီးတော့မှ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အယူအဆကို လွတ်လပ်စွာ၊ ယုံကြည်ကိုးကွယ် ဆည်းကပ်ပြီးတော့ ထုတ်ဝေဖြန့်ချိသွားမှာ ဖြစ်ကြောင်း အသိပေး အကြောင်းကြားပါသည် ဆိုပြီးတော့ (သမ္မတ) ဦးထင်ကျော်နဲ့ ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည်) ဆီကို စာတွေ ပို့ထားတယ်” ဟု ဦးနေဝင်းက ပြောသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို လိပ်မူပြီး မိတ္တူကို ပြည်ထောင်စု ဝန်ကြီး၊ ဒုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန ၄ ခု၊ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်၊ တိုင်း NLD ရုံး အားလုံး အပါအဝင် နေရာပေါင်း ၇၀ ကျော်သို့ ပေးပို့ထားကြောင်းလည်း ဦးနေဝင်းက ပြောသည်။
“အဲဒီလို ဆက်လုပ်မယ် ဆိုတဲ့အကြောင်းကို အကုန်လုံးဆီ အကြောင်းကြားပြီးပြီ” ဟု ဦးနေဝင်းက ပြောသည်။
မိုးပြာဂိုဏ်းကို တည်ထောင်သူ ဦးဉာဏကို ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပထမဆုံးအကြိမ် စစ်ကိုင်းမြို့နယ် တရားရုံးက ထောင် ၅ နှစ် ချမှတ်ခဲ့ကြောင်း၊ သို့သော် ၃ နှစ်ခန့် အမှုရင်ဆိုင်ပြီးနောက် ၄င်းကို တရားရုံးချုပ်က အနိုင်ပေးခဲ့သဖြင့် ၁၉၈၃ ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ဦးနေဝင်း၏ အစိုးရသို့ တင်ပြစာတွင် ဖော်ပြထားသည်ဟု သိရသည်။
ထို့နောက် ၁၉၉၁ ခုနှစ်တွင် ထောင် ၁၀ နှစ် ချမှတ်ခံရပြီး ထောင်ထဲတွင် ၇ နှစ် နေခဲ့ရကြောင်း၊ နောက်ဆုံးအကြိမ်တွင် စွဲချက် ၆ ခုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရပြီး ပစ္စုပန်ကမ္မဝါဒကို ၂၀၁၁ တွင် အဓ္ဓမဝါဒဟု ကြေညာခံခဲ့ရကြောင်း သိရသည်။
သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက “ဒါကို နိုင်ငံတော် သံဃာ့ သီးခြား ဝိနည်းဓိုရ်အဖွဲ့ကို ဖွဲ့စည်းပါတယ်။ ဝိနည်းဓိုရ်အဖွဲ့ဆိုတာက ဗုဒ္ဓရဲ့ ဓမ္မတွေနဲ့ ပတ်သက်ပြီးတော့မှ အငြင်းပွားတွေ ဖြစ်ပေါ်လာလို့ရှိရင် စုံစမ်းစစ်ဆေး စိစစ်အကဲဖြတ်ရမယ့် သာသနာရေးဆိုင်ရာ ရဟန်း ဥပဒေပညာရှင်များပဲ ဖြစ်ပါတယ်။ အဲလို သီးခြားဝိနည်းဓိုရ် အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့စည်းပြီးတော့မှ သူ့ကို စစ်ဆေးတဲ့အခါမှာ ဦဉာဏရဲ့ ဘာသာရေးဆိုင်ရာ အယူအဆတွေ ဒဿနတွေဟာ ထေရဝါဒ ဗုဒ္ဓသာသနာနဲ့ လုံးဝ ဆန့်ကျင်နေကြောင်း တွေ့ရှိရတဲ့အတွက် ဒါတွေကို ပြန်လည် ရုတ်သိမ်းဖို့ ပိတ်ပင်တားဆီးခဲ့ပါတယ်” ဟု မီဒီယာများသို့ ရှင်းပြခဲ့သည်။