ကရင်ပြည်နယ်မှ ရခိုင်ပြည်နယ်သို့ လက်နက်များ သယ်ယူရာ လမ်းတွင် ဖမ်းဆီးခံခဲ့ရသည့် ရခိုင်ပြည်နယ် လွတ်မြောက် ရေး ပါတီ (ALP) မှ အရာရှိ ၂ဦးသည် ဘားအံမြို့ ရဲစခန်းတွင် ဖမ်းဆီး ခံထားရဆဲဖြစ်ပြီး အဆိုပါ ကိစ္စကို ပြေလည် နိုင်ရန် အစိုးရ နှင့် ALP တာဝန်ရှိသူများ ညှိနှိုင်းနေသည်ဟု သတင်း ရရှိသည်။
ALP မှ အတွင်းရေးမှူး ဦးခိုင်အောင်စိုးသန်းက “အခုတော့ ရဲစခန်းမှာ ဖမ်းထားတုန်းပါပဲ။ ကျနော်တို့ ALP က အစိုးရ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ တာဝန်ခံတွေက ကျနော်တို့ လူတွေအတွက် အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်း ဖြေရှင်း ပေးဖို့ ဆောင်ရွက် နေပါတယ်”ဟု ပြောသည်။
ALP မှ ဗိုလ်မှူးကြီး ခိုင်မိုးချမ်း (ခ) မောင်သာမြင့်နှင့် စီးပွားရေး တာဝန်ခံ ဦးခိုင်သိန်းဦး တို့သည် ပါဂျဲရိုးကားဖြင့် ခရီး သွားလာရာ ဒီဇင်ဘာလ ၈ ရက်က ကရင်ပြည်နယ် လှိုင်းဘွဲ့- ဘားအံမြို့ အဝင်ဂိတ်တွင် AK-47 (ခေါက်ဒင်) ၁၅ လက်၊ AK-47 (ဒင် ရှည်) ၄လက် ၊ ကျည်အိတ် အတို – အရှည် ၁၉ ခု၊ ကျည် အတောင့် ၃၀၀ ၊ ငွေကျပ် သိန်း ၆၀ တို့နှင့်အတူ စစ်ဆေးတွေ့ရှိသဖြင့် အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဒီဇင်ဘာလ ၉ ရက် ထုတ်ပြန်ချက်တွင် ALP အရာရှိ ၂ ဦး သယ်ဆောင်လာ သည့် လက်နက် ခဲယမ်းများသည် ကရင်ပြည်နယ်၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ နယ်မြေ ဖြစ်သည့် လော်ခီးလာ တွင် အခြေစိုက်သည့် ရခိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထံမှ သွားရောက် ယူလာခြင်း ဖြစ်ပြီး ရခိုင် ပြည်နယ်ရှိ ALP အဖွဲ့များ ထံသို့ သယ်သွားရန် ဖြစ်သည်ဟုလည်း ပါရှိသည်။
ALP မှ အရာရှိ ၂ ဦးနှင့် လက်နက်များကို ဘားအံမြို့ ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး တရားဥပဒေ အရ အရေး ယူနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အရာရှိ ၂ ဦးသည် ALP စစ်ဦးစီးချုပ်ရုံး၏ အမိန့် ညွှန်ကြားချက်ဖြင့် ကရင်ပြည်နယ်မှ ရခိုင်ပြည်နယ်သို့ ပို့ရန် လက်နက်များ သယ်ယူခြင်း ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သော အောက်တိုဘာ ၉ ရက်က မောင်တော နယ်စပ်စခန်းများ တိုက်ခိုက်ခံရသည့် အရေးခင်း ဖြစ်ပြီးနောက် ရဲစခန်းမှ လက်နက်အများအပြား လုယူသွားသည့် အကြမ်းဖက် အဖွဲ့သည် ဘူးသီးတောင်- မောင်တော ဒေသရှိ ALP ၏ တပ်ရင်း ၉ ၊ တပ်စိတ် ၂ စိတ် အနီးသို့ ခြိမ်းခြောက်မှုများ အကြိမ်ကြိမ် ပြုလုပ်လျက်ရှိပြီး ထိုနေရာတွင် အင်အား တိုးချဲ့ လက်နက် ထောက်ပံ့နိုင်ရန် ကရင်ပြည်နယ်မှ လက်နက် များ သယ်ယူရခြင်း ဖြစ်သည်ဟုလည်း ဦးခိုင်အောင် စိုးသန်းက ဖြေရှင်းသည် ။
၎င်းတို့အနေဖြင့် အဆိုပါ တပ်စိတ် ၂စိတ်တွင် လူအင်အားနှင့် လက်နက်အင်အား နည်းနေပြီး ဗဟိုဌာနမှ တိုက်ရိုက် ထောက်ပံ့ရန်လည်း အခက်အခဲ ဖြစ်နေသဖြင့် သီးသန့်ထောက်ပံ့ပြီး အင်အားတိုးနိုင်ရန် ကရင်ပြည်နယ် ဘက်မှ သယ်ယူခြင်း ဖြစ်သည်ဟုလည်း ဆက်လက် ပြောဆိုသည်။
ALP သည် အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ်ထိုး ထားသည့် အဖွဲ့ဖြစ်သည်။
NCA ၏ သဘောတူညီချက်များ အရ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးပါက တိုင်းရင်းသား လက်နက်ကိုင်များ က အင်အားတိုးချဲ့ရန် လူသစ်စုဆောင်းခြင်းများ၊ လက်နက်စုဆောင်း ခြင်းများ မပြုလုပ်ရဟူသည့် အချက်ပါရှိသည်။
ဦးခိုင်အောင်စိုးသန်းက “NCA စာချုပ်မှာတော့ လက်နက်အင်အားတွေ ဘာတွေ မစုဆောင်းရဘူး ဆိုတာကတော့ သိတာပဲ။ ဒါပေမယ့် တဖက်နဲ့ တဖက် ညှိနှိုင်းပြီးတော့ စုဆောင်းရမယ် ဆိုတာကတော့ ရှိတယ်။ ကျနော်တို့က တခါ တလေ အစိုးရနဲ့ ညှိနှိုင်းတဲ့အခါ သူတို့က ခွင့်မပြုတာတွေ ရှိတယ်”ဟု ပြောဆိုသည်။
ဦးခိုင်အောင်စိုးသန်းက ၎င်းတို့ အရာရှိ ၂ ဦးနှင့် လက်နက်များကို ပြန်လည် ရရှိနိုင်ရန်အတွက် အစိုးရဘက်က သဘောထား ကြီးပေးရန် မျှော်လင့်ကြောင်း၊ လက်ရှိတွင် ALP ခေါင်းဆောင်များက ညှိနှိုင်းနေဆဲ ဖြစ်သဖြင့် အသေး စိတ် မသိရှိရသေးကြောင်းလည်း ပြောသည်။
ALP သည် NCA လက်မှတ်ထိုးထားသဖြင့် တပ်မတော်နှင့် တိုက်ပွဲ ပြန်လည် မဖြစ်ပွားစေရန် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) တွင်လည်း အဖွဲ့ဝင်ဖြစ်သည်။
JMC က တပ်မတော်နှင့် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား ပဋိပက္ခများ ပြန်လည် မဖြစ်ပွားစေရန် စောင့်ကြည့်ရပြီး ပဋိပက္ခဖြစ်ပါက ဖြေရှင်းပေးရသည့် ကော်မတီဖြစ်သည်။
JMC ၏ ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက“ပစ္စည်းတွေ ဘာတွေ သယ်တာ အသိမပေးတာပေါ့နော်။ တကယ် ဆို အသိပေးရမယ့် သဘောရှိတာပေါ့နော်။ ကျနော့်အမြင်ကတော့ ဒီကိစ္စက ဆက်လက်ပြီး ညှိနှိုင်းဖို့ လိုမယ်။ ဖြစ်လာ တာကလည်း အကျိုးနဲ့အကြောင်း ဆိုတာတွေ ရှိတာပေါ့။ ထိန်းထိန်း သိမ်းသိမ်း လုပ်ကြမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ALP သည် NCA ထိုးပြီးနောက်ပိုင်း ရခိုင်ပြည်နယ် အတွင်း ၎င်းတို့ တပ်ဖွဲ့ဝင်များက ရွာများအတွင်းသို့ သွားရောက်၍ ဒေသခံများနှင့် စကားပြောဆိုခြင်း၊ ၎င်းတို့ ALP ၏ စစ်ချီသီချင်းများ ဖွင့်ခြင်းတို့ကြောင့် အစိုးရ၏ ဖမ်းဆီးခြင်း ခံရမှုများ လည်း ရှိသည်။
ဒီဇင်ဘာလ ၉ ရက်ကလည်း ရခိုင် – အိန္ဒိယ နယ်စပ်တွင် ALP တပ်ဖွဲ့ဝင် ၈ ဦးကို M 16 ၊ AK 56 သေနတ် များနှင့် အတူ လောင်ချာ တလက်ကို အိန္ဒိယစစ်တပ်က ဖမ်းမိကြောင်း India Express သတင်းဌာနက ရေးသားထားသည်။