ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဘုရားများထဲမှ ဘုရား ၂၂၄ ဆူကို ပုဂ္ဂလိက အလှူရှင်များအား ပြင်ဆင် ခွင့် ပြုသွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ စုံစမ်း သိရှိရသည်။
“တတိယ ဦးစားပေး အဆူ ၃၀၀ ထဲမှာ ထိပ်ပိုင်းလေး နည်းနည်းပြုတ်တာ၊ ပျက်စီးတာတော့ အတိုင်းအတာ နည်းပါးတဲ့ ဘုရားတွေပေါ့။ အဲဒီဘုရားတွေထဲကမှ ၂၂၄ ဆူကို ကျနော်တို့ ပြန်လည်ပြင်ဆင်ဖို့အတွက် လုပ်နေတယ်။ ဘာကြောင့် လဲ ဆိုတော့ နည်းနည်းလေး ပျက်စီးတာ ဆိုတော့ သူ့အတိုင်းအတာလေးပဲ ဆိုတော့ အင်္ဂတေလေး ပြန်ဖာလိုက်တာ မျိုး ပြင်လို့ရမယ့် ဘုရားတွေပေါ့။ အခုလာပြီး ပြုပြင်ဖို့ စာရင်းပေးတာတွေလဲ ရှိတယ်”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနဒု ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။
ယခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံဒေသရှိ စေတီပုထိုးပေါင်း ၃၈၉ ဆူ ထိခိုက် ပျက်စီးခဲ့ရပြီး ယင်းတို့ထဲမှ ပထမ ဦးစားပေး ပြုပြင်ရန် ဘုရား ၃၆ ဆူ၊ ဒုတိယ ဦးစားပေး ပြုပြင်ရန် ၅၃ ဆူနှင့် တတိယ ဦးစားပေး ပြုပြင်ရန် အဆူ ၃၀၀ သတ်မှတ် ထားကြောင်းလည်း သိရသည်။
“အဆူ ၃၀၀ ထဲက ကျန်တဲ့ ၇၆ ဆူကတော့ နည်းနည်း အရေးကြီးတာ ပါတဲ့အတွက် ပြည်သူတွေကို ပေးမပြင်ဘဲ ရှေးဟောင်း သုတေသနကပဲ ပညာရှင်တွေနဲ့ လမ်းညွှန်ချက်နဲ့ ပြုပြင်သွားမှာ ဖြစ်ပါတယ်။ အရေးကြီး ဘုရားတွေကို ပြုပြင်ဖို့ အဖွဲ့ ၂ ဖွဲ့ ဖွဲ့စည်းထားတယ်။ ၄ ဦးပါတဲ့ အကြံပေးအဖွဲ့ရယ်၊ လူ ၂၀ ပါတဲ့ ပညာရှင် အဖွဲ့တွေပါ။ သူတို့ရဲ့ အကြံဉာဏ်ယူပြီး အရေးကြီး ပြုပြင်မှုတွေကို ရှေးဟောင်းအဖွဲ့တွေနဲ့ ပညာရှင်တွေ ပြုပြင်မှာပါ”ဟု ဦးသိန်းလွင်က ပြောပြသည်။
လက်ရှိတွင် နိုင်ငံပိုင် သတင်းစာများနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များတွင် ဘုရား ၂၂၄ ဆူ၏ အမှတ် စာရင်း များနှင့် ယခင် လှူဒါန်းခဲ့ဖူးသော ဘုရားပြုပြင်ခဲ့သည့် အလှူရှင်များ အမည်ကို ဖော်ပြထားသည်။
ပုဂ္ဂလိက အလှူရှင်များ ဖိတ်ခေါ်ရာတွင် ယင်း ဘုရား ၂၂၄ ဆူ၏ ယခင်အလှူရှင်များက ပြန်လည် ပြင်ဆင်လိုလျှင် ဦးစားပေး ပြင်ဆင်နိုင်ရန်အတွက် ယခင်အလှူရှင် အမည်များ ဖော်ပြထားခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန၊ ပုဂံ ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောသည်။
“ပုဂ္ဂလိက အလှူရှင်တွေထဲကနေ ဘယ်သူတွေကို အရင်ဆုံး ဦးစားပေးမယ်လို့ စဉ်းစားကြတော့ အရင်တုန်းက အဲဒီ ဘုရားတွေကို ပြင်ဆင်ခဲ့တဲ့ အလှူရှင်တွေရဲ့ ဆန္ဒကို အရင်စောင့်မယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ စောင့်မယ် စောင့်ပြီးတော့ တခြား ဘုရားပြုပြင်ဖို့ ဆန္ဒရှိတဲ့ သူတွေကိုလည်း ဖိတ်ခေါ်ထားတယ်”ဟု ၎င်းက ပြောပြသည်။
လက်ရှိတွင် ငလျင်ဒဏ်ခံခဲ့ရသည့် ပုဂံဘုရားများ ပြုပြင်ခွင့်ကို မည်သည့်အဖွဲ့အစည်းကိုမျှ လုပ်ကိုင်ခွင့် မပြုထား ကြောင်း၊ ပြီးခဲ့သည့် လအတွင်းက ပရဟိတ အဖွဲ့တဖွဲ့မှ ငလျင်ဒဏ်ခံခဲ့ရသည့် ထီးလိုမင်းလို ဘုရားကို ဘုရားဂေါပက အဖွဲ့၏ ခွင့်ပြုချက်နှင့် ဘက်စုံ ပြုပြင်ထိန်းသိန်းရေး လုပ်ငန်းခွင် ဆိုသည့် ဗီနိုင်းချိတ်ဆွဲကာ ငြမ်းဆင်မှု လုပ်ငန်းများ လုပ်ကိုင်ခဲ့ဖူးသည်။
ယင်းသို့ ဆောင်ရွက်ခဲ့မှုကို ရပ်ဆိုင်းရန်နှင့် နောင်ဆက်လက် မဆောင်ရွက်ရန် ဘုရားဂေါပက အဖွဲ့ကို ခေါ်ယူ သတိ ပေးခြင်း လုပ်ဆောင်ခဲ့ကြောင်း ဦးအောင်အောင်ကျော်၏ ပြောသည်။
“ပရဟိတ အဖွဲ့က ငြမ်းဆင်ဖို့အတွက် အလှူငွေပေးတာကို ဂေါပက ကနေပြီးတော့ လက်ခံတယ်။ ဒါက အဲဒါကနေ လက်ခံလို့ မရဘူး။ ငလျင်အတွက်ဆိုပြီး ခေါင်းစဉ်တပ် လက်ခံလို့ မရဘူး။ တကယ်လို့ အလှူငွေ လက်ခံရင် ဘုရားကြီး အတွက် နဝကမ္မ အလှူငွေအဖြစ်ပဲ လက်ခံလို့ရတယ်။ ဒီဘုရားပြင်ဖို့အတွက် ဒါကို လှူတယ်ဆိုရင် သူ့ရဲ့ တသီးပုဂ္ဂလ အလှူ ဖြစ်သွားပြီ။ အဲဒီတော့ ဘုရားပြင်ဖို့ ငြမ်းဆင်တယ်။ အဲဒီငြမ်းဆင်တာကို သူ့အလှူငွေထဲကပဲ လုပ်ပါဆိုတေ့ာ ဂေါပက ကလည်း အဲဒါကို နားလည်မှု လွဲသွားတာ နေမယ်။ ဒါလည်း ဘုရားကို လှူတာဆိုပြီး လက်ခံလိုက်သလို ဖြစ် သွားတယ်။ ကျနော်တို့ ဒါကို ခွင့်ပြုထားတာ မရှိပါဘူး”ဟု ဦးအောင်အောင်ကျော်က ပြောဆိုသည်။
ပရဟိတ အဖွဲ့၏ ပြုပြင်ရေး လုပ်ဆောင်ရန် ဖော်ပြချိတ်ဆွဲထားသည့် ဗီနိုင်းတွင် သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းအား အမှူးထား၍ ထီးလိုမင်းလို ဘုရားကြီး ဘက်စုံ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းခွင် ဆိုတဲ့ စကားလုံး အသုံးအနှုန်း ပါရှိကြောင်း သိရသည်။
ငလျင်ဒဏ်ခံ ဘုရားများ၏ အကြီးစား ပြုပြန်မှုကို လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ပြင်ဆင်ရန် စီစဉ်ထားကြောင်း ဒု ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က ပြောကြားသည်။